ကိုးကန့်တပ်နဲ့တအာင်းတပ် လက်နက်ကိုင်ပဋိပက္ခက တော်လှန်ရေးအတွက် အကျိုးသက်ရောက်မှုရှိနေတာကြောင့် တွေ့ဆုံဆွေးနွေးကြဖို့ SRAမေတ္တာရပ်ခံ
- BVJ

- 6 minutes ago
- 1 min read
ယူဂရင်း/BVJ_မတ် ၁၆၊ ၂၀၂၆

“မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNTJP/MNDAA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA) ထံသို့ မေတ္တာရပ်ခံပန်ကြားချက်”ဆိုပြီး နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု-SRAက ဒီနေ့ မတ်လ ၁၆ရက်မှာဖော်ပြလာပါတယ်။
အဲ့ဒီထဲမှာ MNDAAနဲ့TNLAတို့ညီနောင်မဟာမိတ်အချင်းချင်းကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် SRAအနေနဲ့များစွာစိုးရိမ်ပြီး စိတ်မကောင်းကြောင်းနဲ့ AAအပါအဝင်ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇စစ်ဆင်ရေးအောင်မြင်မှုနဲ့ အချင်းချင်းကြား မဟာမိတ်ခိုင်မှာမှု၊ အဖိနှိပ်ခံအချင်းချင်း သွေးစည်းညီညွတ်မှုတို့အပေါ် နွေဦးတော်လှန်ရေးတပ်ဖွဲ့တိုင်းက လေးစားအားကျအတုယူနေရကြောင်းတို့ ပါဝင်ပါတယ်။
“ယခုကဲ့သို့ အချင်းချင်းလက်နက်ကိုင်ပဋိပက္ခဖြစ်နေရခြင်းသည် သက်ဆိုင်ရာအဖွဲ့အစည်းနှစ်တည်းသာ ထိခိုက်ခြင်းမဟုတ်ဘဲ လက်ရှိတော်လှန်ရေးတစုံလုံးအတွက်ပါ အကျိုးသက်ရောက်မှုများစွာရှိနေပါသည်”လို့ SRAကပြောထားပါတယ်။
ဒါကြောင့် ပြည်သူအများယုံကြည်မျှော်လင့်နေတဲ့ ပြည်ထောင်စုတခုလုံးရဲ့အကျိုးကိုမျှော်ကိုးပြီး အချင်းချင်းကြားဖြစ်ပွားတတ်ကြတဲ့ မိတ်ဖက်ပဋိပက္ခတွေကိုလက်နက်ကိုင်နည်းလမ်းနဲ့မဖြေရှင်းကြဘဲ တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ကို လေးနက်စွာမေတ္တာရပ်ခံတိုက်တွန်းတယ်လို့ SRAဦးဆောင်ကော်မတီက ဖော်ပြလာတာပါ။
TNLAနဲ့ MNDAAတို့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ကွတ်ခိုင်မြို့နယ် နယ်မြေအုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး ပြဿနာတွေဖြစ်ပွားနေတာကနေ အခုလ ၁၄ရက်မှာ တအာင်းတပ်TNLAရဲ့တပ်စခန်းအားလုံးကို MNDAA ကိုးကန့်တပ်ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့သလို လက်ရှိမှာလည်း နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်နေဆဲလို့သိရပါတယ်။
တိုက်ပွဲအတွင်းဒရုန်းတွေလည်းအသုံးပြုတိုက်ခိုက်နေသလို နှစ်ဖက်တိုက်ခိုက်ပစ်ခတ်နေတဲ့ရုပ်သံဖိုင်တွေလည်း အွန်လိုင်းမှာပျံ့နှံ့လာသလို ဒီအခြေအနေတွေအတွင်းမှာ ဖမ်းဆီးခံရတဲ့ဒေသခံအရပ်သားတွေလည်းရှိနေပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ-NUCCကလည်း မဟာမိတ်အချင်းချင်းတိုက်ပွဲတွေချက်ချင်းရပ်တန့်ကာ နိုင်ငံရေးအရငြိမ်းချမ်းစွာဆွေးနွေးကြဖို့ကို မေတ္တာရပ်ခံချက် ထုတ်ပြန်ထားပါသေးတယ်။
ဒါ့အပြင် တအာင်းအရပ်ဘက် အဖွဲ့အစည်းများကွန်ရက်-TCSOကလည်း စစ်ရေးပဋိပက္ခကနေ လူမျိုးရေးပဋိပက္ခကို ဦးတည်နေတဲ့လုပ်ရပ်တွေကိုချက်ချင်းရပ်ပြီး MNDAAနဲ့TNLAတို့နှစ်ဖက် တွေ့ဆုံညှိနှိုင်းအဖြေရှာကြဖို့ကို တောင်းဆိုထားပါတယ်။




Comments