စဉ့်ကူးက စစ်ဘေးရှောင်ဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းဗုံးကြဲခံရပြီး စစ်ရှောင်နေသူတွေ သေဆုံး
- BVJ

- Nov 28, 2025
- 1 min read
အယ်နာ/BVJ_နိုဝင်ဘာ ၂၈၊ ၂၀၂၅

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ဝါးရုံကုန်းကျေးရွာမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့ဘုန်းကြီးကျောင်းကို စစ်အုပ်စုက မနေ့ကနိုဝင်ဘာ ၂၇ ရက် မနက်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ဗုံးကြဲခဲ့တဲ့အတွက် ၅ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ကြဲချလိုက်တဲ့ဗုံးဟာဘုန်းကြီးကျောင်းဘေးက စစ်ရှောင်တွေနေတဲ့နေရာမှာ ကျရောက်ပေါက်ကွဲတာကြောင့် စစ်ရှောင်တွေအပါအဝင် ဥပုလ်သီလယူနေသူတွေလည်း ထိခိုက်နိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ညနေ ၄း၃၀မှာတော့ စစ်ကောင်စီရဲ့ မိတ္ထီလာလေတပ်စခန်းကတက်လာတဲ့ ဂျက်ဖိုက်တာ လေယာဉ်တွေနဲ့ စဉ့်ကူးမြို့နယ်အတွင်းက ပင်လယ်ကြီးရွာ ၊ လျှောက်ပင်ရိုးရွာနဲ့ ပျင်းပင်ရွာတို့ကို ဗုံးထပ်ကြဲခဲ့တဲ့အတွက် စစ်ရှောင်ပြည်သူ ၂ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ပျဉ်းပင်ရွာစာသင်ကျောင်းနားမှာ ဗုံးကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၅၀ ဝန်းကျင်အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိပြီး ဆေးကုသဖို့အသွား ကားပေါ်မှာပဲ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ-NUGရဲ့ထုတ်ပြန်ချက်မှာတော့ စစ်တပ်က အောက်တိုဘာ တစ်လအတွင်း လေကြောင်းတိုက်ခိုက်မှုအကြိမ် ၂၅၀ပြုလုပ်ထားပြီး ၁၈၅ ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်အုပ်စုဟာ မန္တလေးတိုင်းအတွင်းက မတ္တရာမြို့နယ်နဲ့သပိတ်ကျင်းမြို့နယ်ကို ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်မှာ စဉ့်ကူးမြို့နယ်ကို ပြန်ထိန်းချုပ်နိုင်ဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။




Comments