စဉ့်ကူးက အကျဉ်းသားတွေထားတဲ့ရဲစခန်း လေကြောင်းတိုက်ခံရပြီး ၂၄ ဦးသေဆုံး
- BVJ

- Jul 30
- 1 min read
ယူဂရင်း/BVJ_ ဇူလိုင် ၃၀၊ ၂၀၂၅

တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို စစ်ကောင်စီက မနေ့က ဇူလိုင် ၂၉ရက် ညနေပိုင်းမှာလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြစ်ဒဏ်ကျအကျဉ်းသားအများစုအပါအဝင် စုစုပေါင်း ၂၄ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY PDFက ဒီနေ့ နေ့လယ်မှာထုတ်ပြန်ပါတယ်။

စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာရှိ ရဲစခန်းနဲ့ ရွှေပန်တောကျေးရွာတို့ကို လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲစခန်းတိုက်ခိုက်မှုအတွင်း ပြစ်ဒဏ်ကျ အကျဉ်းသားတွေနဲ့ စစ်ဆေးနေဆဲ သံသယတရားခံတွေဖြစ်တဲ့ အမျိုးသား(၂၁)ဦးနဲ့ အမျိုးသမီး(၁)ဦးတို့သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ (၃၀)ဝန်းကျင်ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရွှေပန်တောကျေးရွာ လေကြောတိုက်ခိုက်မှုအတွင်းမှာတော့ ပြည်သူ အမျိုးသား(၁)ဦးနဲ့ အမျိုးသမီး(၁)ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ MDY PDFက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ ပြည်သူကိုပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်ပြီး စစ်ရာဇဝတ်မှုတွေကို ပေါ်ပေါ်ထင်ထင်ကျူးလွန်နေတာလို့လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးက ပြောထားပါတယ်။

စဉ့်ကူးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့နှစ် ဇူလိုင် ၁၇ရက်နေ့က သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။
ဓါတ်ပုံ-MDY PDF







Comments