စဉ့်ကူးကို စစ်အုပ်စုစစ်ကြောင်းထိုးဖို့ပြင်နေတာကြောင့် ဒေသခံတွေ မန္တလေးနဲ့စစ်ကိုင်းဘက်ကို တိမ်းရှောင်နေရ
- BVJ

- Nov 26, 2025
- 1 min read
အယ်နာ/BVJ_ နိုဝင်ဘာ ၂၆၊ ၂၀၂၅

ပြည်သူ့ကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းက ကျေးရွာတချို့မှာ အခုရက်ပိုင်းအတွင်း စစ်အုပ်စုစစ်ကြောင်းထိုးလာတာကြောင့် ဒေသတွင်းကကျေးရွာတွေ ရွာလုံးကျွတ်နီးပါးစစ်ရှောင်နေရပြီလို့ ဒေသခံတွေဆီကသိရပါတယ်။
စဉ့်ကူးနယ်ထဲက ရွှေပြည်ကျေးရွာအပါအဝင် ရွှေပြည်အုပ်စုအတွင်းမှာရှိတဲ့ ကျွန်းစည် ၊ စျေးကုန်း ၊ ညောင်ကုန်းစတဲ့ကျေးရွာတွေက ဒေသခံထောင်နဲ့ချီဟာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်။
စစ်အုပ်စုဟာ မတ္တတရာမြို့နယ်နဲ့စဉ့်ကူးမြို့နယ်အစပ်ကြားကရွာတွေဖြစ်တဲ့ ဒီဃာရွာ၊ ရှမ်းမင်းသမီးလမ်းဆုံအထိရောက်နေတာကြောင့် စဉ့်ကူးဒေသခံအများစုဟာ မန္တလေး၊ရွှေဘို၊ ဝက်လက်နဲ့ စစ်ကိုင်းတိုင်းအတွင်းကနေရာအများစုမှာ သွားရောက်တိမ်းရှောင်နေရပါတယ်။
"စစ်မရှောင်ခင်ရက်တွေက စကျင်ဘက်ကလက်နက်ကြီးအသံတွေလည်းကြားတယ်။ နွယ်ရုံမှာ တစ်ပတ်လောက်စစ်ရှောင်ပြီး အခုစစ်ကိုင်းဘက်ပြောင်းပြီး စစ်ရှောင်နေရတာ။ ရွာဘက်ကတော့ လေယာဥ်တွေ ဝဲတုန်းပဲ" လို့ စစ်ဘေးရှောင်ဒေသခံတစ်ဦးက BVJကို ပြောပါတယ်။
မန္တလေးမှာစစ်ရှောင်နေတဲ့ ဒေသခံကလည်း"ရွာမှာ ဘယ်သူမှမရှိသလောက်ဖြစ်နေပြီ အကုန်စစ်ရှောင်နေကြပြီ။ ရွာမှာစီးပွားရေး အခြေချထားတဲ့လူတွေလောက်ပဲ မလွှဲသာလို့နေကြတာပဲရှိတာ အဲ့တာလည်းလူနည်းစုပဲ။ တချို့အသက်ကြီးတဲ့အဘိုးအဘွားတွေ ရွာအစွဲကြီးတဲ့လူတွေပဲကျန်တယ်။ ကျန်တာတွေအကုန်စစ်ရှောင်ကုန်ပြီ။ အသက်ကြီးတော့လည်း ပြောရခက်တယ်။ သေရင်တောင် ကိုယ့်ရွာမှာပဲသေမယ်ဆိုပြီးခေါင်းမာကြတယ်"လို့ပြောပါတယ်။
အောက်တိုဘာ ၂၉ ရက်ညပိုင်းတုန်းက စဉ့်ကူးမြို့နဲ့စစ်ကိုင်းတိုင်းကိုဆက်သွယ်ထားတဲ့ ရတနာသင်္ခတံတားမိုင်းခွဲခံခဲ့ပြီး တံတားကျိုးကျခဲ့ပါတယ်။ နိုဝင်ဘာ ၇ ရက်နေ့ကလည်း ရွှေပြည်ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းမှာစစ်ရှောင်နေတဲ့ပြည်သူ ၄ ဦးထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ်။
ရှမ်း-မန်းစစ်ဆင်ရေးကတည်းက MDY PDFကစဉ့်ကူးမြို့နယ်ကို ထိန်းချုပ်ထားတာဖြစ်ပြီး စစ်ကောင်စီဟာရွေးကောက်ပွဲနီးလာတာနဲ့အမျှ လက်လွှတ်ထားရတဲ့နယ်မြေတွေကို ဘက်ပေါင်းစုံကနေစစ်ကြောင်းထိုး ပြန်သိမ်းနိုင်ဖို့ကြိုးစားနေပါတယ်။
စဉ့်ကူးမြို့နယ်ဟာ မတ္တရာမြို့နယ် ၊ သပိတ်ကျင်းမြို့နယ်တို့နဲ့ ထိစပ်နေတဲ့မြို့လည်းဖြစ်ပြီး မတ္တရာနဲ့သပိတ်ကျင်းအထိ စစ်ကောင်စီကပြန်လည်ခြေကုတ်ယူပြီးနောက် စဉ့်ကူးကိုလည်း ပြန်ယူဖို့ကြိုးစားနေတာဖြစ်ပါတယ်။




Comments