အာဆီယံဥက္ကဋ္ဌရာထူး စင်ကာပူတရားဝင်လက်ခံ၊ မြန်မာ့အရေးဖြေရှင်းမှုက အကြီးမားဆုံးစိန်ခေါ်မှုဖြစ်လာဖို့ရှိ

သူရ/BVJ_နိုဝင်ဘာ ၁၇၊ ၂၀၂၆

လာမယ့် ဇန်နဝါရီလ ၁ ရက်နေ့မှာ အာဆီယံအဖွဲ့အစည်းကြီးကိုစတင်ဦးဆောင်တော့မယ့် စင်ကာပူနိုင်ငံဟာ ၂၀၂၇ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌရာထူးကို ဖိလစ်ပိုင်ဆီကနေတရားဝင်လွှဲပြောင်းလက်ခံရယူလိုက်ပါပြီ။
အင်္ဂါနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့က မနီလာမြို့မှာကျင်းပတဲ့ ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးပိတ်ပွဲအခမ်းအနားမှာ စင်ကာပူ ဝန်ကြီးချုပ် လောရင့်စ်ဝေါင်က ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာဆီကနေ အာဆီယံဥက္ကဋ္ဌအထိမ်းအမှတ် တူ(Gavel)ကို လက်ခံရယူခဲ့တာဖြစ်ပါတယ်။ စင်ကာပူဟာ ၂၀၁၈ ခုနှစ်တုန်းက အာဆီယံဥက္ကဋ္ဌအဖြစ် နောက်ဆုံးတာဝန်ယူခဲ့ဖူးတာပါ။
အင်အားကြီးနိုင်ငံတွေရဲ့ ပြိုင်ဆိုင်မှုပြင်းထန်လာတာနဲ့ အစိတ်စိတ်အမြွှာမြွှာကွဲပြားလာနေတဲ့ ကမ္ဘာ့စီးပွားရေးအခြေအနေတွေကြား ဒေသတွင်းအဖွဲ့အစည်းကြီးဖြတ်သန်းနေရချိန်မှာ စင်ကာပူက သူ့ရဲ့ ၂၀၂၇ ဥက္ကဋ္ဌသက်တမ်းအတွက် "ပိုမိုနက်ရှိုင်းသောပေါင်းစည်းမှုနှင့် ပိုမိုကျယ်ပြန့်သော မိတ်ဖက်ဆက်ဆံရေး" (Deeper Integration, Wider Partnerships) ဆိုတဲ့ဆောင်ပုဒ်ကိုရွေးချယ်ထားပါတယ်။
ဒီမူဝါဒနှစ်ရပ်ဟာ တစ်ခုနဲ့တစ်ခုအပြန်အလှန်အားဖြည့်ပေးနေတာဖြစ်တယ်လို့ ဝန်ကြီးချုပ် လောရင့်စ်ဝေါင်ကပြောပါတယ်။
"ပိုမိုနက်ရှိုင်းတဲ့ ပေါင်းစည်းမှုလို့ဆိုရတာက အာဆီယံရဲ့အလားအလာ အပြည့်အဝကို လက်တွေ့ဖော်ဆောင်နိုင်ဖို့ ကျွန်တော်တို့ ပိုပြီးလုပ်ဆောင်နိုင်စွမ်းရှိနေလို့ပါ။ ဒီအထဲမှာ ဘဏ္ဍာရေး၊ ဒစ်ဂျစ်တယ်နည်းပညာနဲ့ စွမ်းအင်ကဏ္ဍတွေမှာ ချိတ်ဆက်မှုတွေပိုအားကောင်းအောင် လုပ်ဆောင်တာတွေ ပါဝင်ပါတယ်" လို့ သူက ပြောကြားခဲ့ပါတယ်။
တဖက်မှာလည်း လာမယ့် ၂၀၂၇ ခုနှစ်မှာ စင်ကာပူကအာဆီယံဥက္ကဋ္ဌ တာဝန်စယူတဲ့အခါ မြန်မာ့အရေးဖြေရှင်းနိုင်မှုဟာ သူတို့ရဲ့ မဟာဗျူဟာနဲ့ ဒေသတွင်းသြဇာအာဏာအတွက် အရေးကြီးဆုံး စမ်းသပ်မှုတစ်ခု ဖြစ်လာမှာပါ။
စင်ကာပူဟာ မြန်မာစစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သလို ဘဏ္ဍာရေးပိုင်းမှာလည်း တင်းတင်းကျပ်ကျပ်ဖြတ်တောက်အရေးယူခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် စင်ကာပူဥက္ကဋ္ဌဖြစ်လာချိန်မှာ အရင်ဥက္ကဋ္ဌတွေထက်ပိုမိုထိရောက်ပြီး လက်တွေ့ကျတဲ့ သံတမန်ရေး ဖိအားတွေပေးလာလိမ့်မယ်လို့ နိုင်ငံတကာနဲ့ မြန်မာ့အရေးလေ့လာသူတွေက အထူးမျှော်လင့်စောင့်ကြည့်နေကြပါတယ်။
ခရက်ဒစ်- CNA



Comments