မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ နှစ်ရက်ဆက်တိုက်ဗုံးကြဲခံရပြီး ဒေသခံ ၅ ဦးသေဆုံး

ငြိမ်မခံဘဲ ရန်သူနဲ့ပူးပေါင်းဆောင်ရွက်နေတာကို ပြန်သုံးသပ်ဖို့ NRFFတိုက်တွန်း
ယူဂရင်း/BVJ_နိုဝင်ဘာ ၁၇၊ ၂၀၂၆

NCAလက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီ-NMSPရဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းက ရေးချောင်းဖျားဒေသကို အာဏာသိမ်းစစ်တပ်ဘက်ကနေ နှစ်ရက်ဆက်တိုက်လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ဦးသေဆုံးခဲ့ပါတယ်။
မနေ့က နိုဝင်ဘာ ၁၆ရက် နေ့လယ်တစ်နာရီခန့်မှာ ချဲတိုက်ရွာကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် အရပ်သား (၄) ဦးသေဆုံးကာ (၃၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ချဲတိုက်ရွာဆေးပေးခန်းနဲ့ အရပ်သားနေအိမ်တွေ ပျက်ဆီးခဲ့ပါတယ်။
နိုဝင်ဘာ ၁၅ရက်ည ၁၁နာရီအချိန်နဲ့ ၁၆ရက် မနက်အစောပိုင်း နှစ်နာရီခန့်အချိန်တို့မှာလည်း ဖလံချောင်းဝကျေးရွာရှိ ဆေးပေးခန်းနားကိုလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရွာအတွင်းက သက်ကြီးအမျိုးသမီး (၁) ဦး သေဆုံးပြီး စစ်ဘေးရှောင် အရပ်သား (၃) ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အခု ထိခိုက်သေဆုံးမှုအခြေအနေတွေကို ရာမညဖက်ဒရယ်အင်အားစုသစ်-NRFFက ထုတ်ပြန်လာတာဖြစ်ပြီး စစ်အုပ်စုဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဆေးရုံဆေးခန်း၊ လူနေအိမ်တွေနဲ့အရပ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေကာ စစ်ရာဇဝတ်မှုကိုကျူးလွန်နေတာဖြစ်တယ်လို့ ပြောထားပါတယ်။
အခုတိုက်ခိုက်ခံရတဲ့ ရေးချောင်းဖျားဒေသဟာ စစ်အုပ်စုနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီ ထိတွေ့နေတဲ့ မွန်ပြည်သစ်ပါတီရဲ့ ထိန်းချုပ်နယ်မြေဖြစ်တာကြောင့် စစ်အုပ်စုနဲ့တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိကြောင်းနဲ့ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေကို ကြိမ်ဖန်များစွာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေခြင်းဟာ မွန်ပြည်သစ်ပါတီနဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီခဲ့တဲ့ ၁၉၉၅၊ ၂၀၁၂၊ ၂၀၁၈ ကတိကဝတ်စာချုပ်တွေကို အကြိမ်ကြိမ်ချိုးဖောက်နေတာဖြစ်တယ်လို့လည်း NRFFကထုတ်ပြန်ပါတယ်။
ဒါကြောင့် မွန်တော်လှန်ရေးရဲ့တပ်ဦးပါတီအဖြစ် ရပ်တည်ခဲ့ပြီး မွန်လူထုရဲ့ လွတ်လပ်ခွင့်၊ တရားမျှတမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက်တိုက်ပွဲဝင်ဖို့ ကတိကဝတ်ပြုထားတဲ့ မွန်ပြည်သစ်ပါတီအနေနဲ့ မိမိတို့ရဲ့ အရပ်သားပြည်သူလူထုကို အကာအကွယ်ပေးဖို့ မဖြစ်မနေလိုအပ်တယ်လို့ NRFFကထောက်ပြထားပါတယ်။
"စစ်တပ်မှ အပစ်အခတ်ရပ်စဲရေးစာချုပ်အားချိုးဖောက်ကာ ပါတီ၏ထိန်းချုပ်နယ်မြေအတွင်း လေကြောင်းတိုက်ခိုက်ခြင်း၊ လူထုအားအနိုင်ကျင့်စော်ကားခြင်းများအပေါ် ငြိမ်ခံနေခြင်းသည် မွန်ပြည်သစ်ပါတီသာမက မွန်တော်လှန်ရေး၏ နိုင်ငံရေးဂုဏ်သိက္ခာကိုထိခိုက်ကျဆင်းစေရာ ပါတီအနေဖြင့်အရေးယူတုံ့ပြန်မှုများ မဖြစ်မနေပြသရန်လိုအပ်ပြီး မိမိအား လေးစားခြင်းမရှိသော ရန်သူနှင့်အပစ်အခတ်ရပ်စဲခြင်း၊ နိုင်ငံရေးအရပူးပေါင်းဆောင်ရွက်ခြင်းများကို အလေးအနက်ထားစဉ်းစားသုံးသပ်ရန် လိုအပ်သည်"လို့ NRFFက NMSPကိုပြောထားပါတယ်။

NRFFအနေနဲ့လည်း အရပ်သားပြည်သူတို့ရဲ့ ဘေးဒုက္ခတွေလျော့ပါးစေရေးအတွက် မဟာမိတ်အဖွဲ့အစည်းတွေ၊ အရပ်သားပြည်သူတွေနဲ့ အတူလက်တွဲပြီး ကူညီကယ်ဆယ်ရေးနဲ့လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စရပ်တွေကို ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။



Comments