နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့မတရားဖမ်ဆီးထားသူအားလုံး ချက်ခြင်းပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တောင်းဆို

မိုနာ/BVJ_နိုဝင်ဘာ ၁၇၊ ၂၀၂၆

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် စစ်အုပ်စုကမတရားဖမ်းဆီးထိန်းသိမ်းထားတဲ့သူအားလုံးကို ချင်ခြင်းနဲ့ခြွင်းချက်မရှိပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တောင်းဆိုလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ၊မနီလာမြို့မှာကျင်းပခဲ့တဲ့ မနေ့က နိုဝင်ဘာ ၁၆ရက်မှာကျင်းပခဲ့တဲ့ ၄၉ ကြိမ်မြောက် အာဆီယံ-ကုလသမဂ္ဂထိပ်သီးအစည်းအဝေးအတွင်း နိုင်ငံတကာမီဒီယာစင်တာမှာကျင်းပခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အခုလိုတိုက်တွန်းတောင်းဆိုလိုက်တာပါ။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ဒေါ်အောင်ဆန်းစုကြည်နာမည်ကိုထုတ်ဖော်ပြောရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးနဲ့အတူ ခေါ်ဝေါ်သုံးစွဲခဲ့ပြီး အခုတိုက်တွန်းမှုဟာ လုံခြုံရေးကောင်စီနဲ့ ကုလသမဂ္ဂအထွေထွေ ညီလာခံရဲ့တောင်းဆိုချက်တွေကို ထပ်လောင်းပြောကြားတာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာနိုင်ငံမှာဆက်လက်ဖြစ်ပွားနေတဲ့ အကျပ်အတည်းအပေါ် အလွန်အမင်းစိုးရိမ်ကြောင်းနဲ့ အဖွဲ့အစည်းတွေအနေနဲ့ အရပ်သားတွေကိုကာကွယ်ဖို့၊ နိုင်ငံတကာဥပဒေကို လေးစားလိုက်နာရန်နဲ့ လူသားချင်းစာနာမှုအကူအညီတွေကို ဘေးကင်းလုံခြုံစွာ၊ အဆက်မပြတ်နဲ့အတားအဆီးမရှိ ပေးပို့ခွင့်ပြုဖို့ဆိုပြီး လည်း မနေ့က နိုဝင်ဘာ ၁၆ရက်မှာကျင်းပတဲ့ အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးမှာပြောကြားခဲ့ပါသေးတယ်။
ကုလသမဂ္ဂအနေနဲ့ အာဆီယံရဲ့မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရေးနဲ့ မြန်မာနိုင်ငံသားတွေအားလုံး ပါဝင်နိုင်တဲ့ နိုင်ငံရေးအဖြေရှာမှုတစ်ရပ် ပေါ်ပေါက်လာရေးကို ဆက်လက်ထောက်ခံသွားမယ်လို့လည်း အန်တိုနီယို ဂူတာရက်စ်ကပြောခဲ့ပါတယ်။
ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ (Julie Bishop) အနေနဲ့လည်း မြန်မာနိုင်ငံက အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်အားလုံးကို ထိတွေ့ဆက်ဆံသွားမယ်လို့ ပြောပါတယ်။
ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်အရ ဒီနှစ်ဒီဇင်ဘာမှာအန်တိုနီယို ဂူတာရက်စ်ရဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရာထူး သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အခုတက်ရောက်ခဲ့တဲ့ အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးဟာ သူ့အတွက် နောက်ဆုံးအကြိမ် အစည်းအဝေးဖြစ်တယ်လို့သိရပါတယ်။



Comments