နယ်စပ်စစ်ဆင်ရေးမှာ ထိုင်းဘက်ကိုထိခိုက်မှုမရှိဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးကို ဖုန်းဆက်ပြီးတောင်းဆို

မိုနာ/BVJ_နိုဝင်ဘာ ၄၊ ၂၀၂၆

မြန်မာစစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ် စစ်ဆင်ရေးပြုလုပ်တိုက်ခိုက်ရာမှာ ထိုင်းနိုင်ငံပိုင်နက်အတွင်းကိုသက်ရောက်မှုမရှိစေရေး ကာကွယ်ဆောင်ရွက်ပေးဖို့ဆိုပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်(Sihasak Phuangketkeow)က စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးဆီကို ဖုန်းဆက်တိုက်တွန်းခဲ့ပါတယ်။
ထိုင်း-မြန်မာနယ်စပ်အနီးတိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံသားတွေထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက်မှာ စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေဆီကို တယ်လီဖုန်းနဲ့ ၁၀မိနစ်ခန့်ဆက်သွယ်ပြီး အခုလိုတိုက်တွန်းလာတာဖြစ်ပါတယ်။
ထိုင်းသတင်းဌာန Khaosodသတင်းမှာဖော်ပြချက်အရ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ဟာ တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှာကျင်းပနေ ၁၁ ကြိမ်မြောက် မဲခေါင်-လန်ချား ပူးပေါင်းဆောင်ရွက်မှု (MLC) အစည်းအဝေးကို တက်ရောက်နေချိန်မှာ အခုလိုဖုန်းနဲ့ဆက်သွယ်ပြောဆိုခဲ့တာဖြစ်ပါတယ်။
အဲ့ဒီပြောဆိုမှုထဲမှာ ထိုင်း-မြန်မာနယ်စပ်စစ်ဆင်ရေးနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့စိုးရိမ်ပူပန်မှုတွေနဲ့ အထူးသဖြင့် မြန်မာစစ်တပ်အနေနဲ့ စစ်ရေးပစ်မှတ်တွေကို လေကြောင်းကတိုက်ခိုက်နေတာတွေအပေါ် ထည့်သွင့်ပြောဆိုခဲ့ကြောင်းသိရပါတယ်။
ဒါကြောင့် မြန်မာစစ်တပ်ရဲ့စစ်ဆင်ရေးတွေကြောင့် ထိုင်းနိုင်ငံအပေါ် သက်ရောက်မှုမရှိစေဖို့လိုအပ်ကြောင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ရာမှာလည်း ထိုင်း-မြန်မာနယ်စပ်နဲ့ အလှမ်းဝေးတဲ့နေရာတွေမှာသာပြုလုပ်သင့်တယ်ဆိုပြီး မြန်မာဘက်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးကပြောဆိုခဲ့တယ်လို့ ထိုင်းသတင်းမှာဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်အနေနဲ့ အာဆီယံအဖွဲ့ထဲပြန်လည်ပါဝင်နိုင်အောင် ထိုင်းဘက်ကကြိုးပမ်းပေးနေကြောင်းနဲ့ အဲ့ဒီလိုပြန်လည်ပါဝင်နိုင်ဖို့အတွက်လည်း ဒေသတွင်းအဖွဲ့အစည်းဖြစ်တဲ့ အာဆီယံရဲ့စိုးရိမ်ပူပန်မှုတွေကို တုံ့ပြန်ဖြေရှင်းပေးဖို့လိုအပ်ကြောင်း၊ အထူးသဖြင့် အကြမ်းဖက်မှုတွေလျှော့ချရေးကို ဆောင်ရွက်ရမှာဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးကပြောခဲ့ပါတယ်။
အခုလ နိုဝင်ဘာ ၁၅ ရက်ကနေ ၁၇ ရက်အထိကျင်းပဖို့စီစဉ်ထားတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ နိုဝင်ဘာ ၁၂ ရက်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ဟာ မြန်မာနိုင်ငံကိုသွားရောက်ဖို့စီစဉ်ထားပြီး အဲ့ဒီခရီးစဉ်မှာ ပဋိပက္ခတွေပိုမိုပြင်းထန်လာခြင်းနဲ့ ထိုင်းနိုင်ငံအပေါ် သက်ရောက်မှုရှိလာခြင်းတို့ကို တားဆီးနိုင်မယ့်နည်းလမ်းတွေနဲ့ပတ်သက်ပြီး ဆွေးနွေးသွားဖို့ရည်ရွယ်ထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့အခုပြောကြားချက်တွေကို စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးကလည်း အသိအမှတ်ပြုပြီး အခုလိုစိုးရိမ်မှုတွေကို အထက်ကိုအမြန်ဆုံးပြန်လည်တင်ပြပေးမယ်ဆိုပြီး ကတိပြုခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာ ထိုင်း-မြန်မာနယ်စပ်အနီးဖြစ်ပွားတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ဘန်ကောက်ကမြန်မာစစ်သံမှူး ဗိုလ်မှူးချုပ်ဝင်းသူလင်းကိုလည်း ထိုင်းတပ်မတော်စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး ဥကရစ်ဘွန်တာနွန်က နိုဝင်ဘာ ၂ရက်မှာခေါ်ယူသတိပေးခဲ့ပါသေးတယ်။
အဲ့ဒီလိုသတိပေးပြီးနောက်တစ်ရက် နိုဝင်ဘာ ၃ ရက် ည ၇ နာရီကျော်မှာ မြန်မာဘက်ကပစ်ခတ်ခဲ့လိုက်တဲ့ RPG ကျည်တစ်လုံးဟာ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကစပါးကျီအတွင်း ကျရောက်ခဲ့တာကြောင့် ထိုင်းစစ်တပ်ဘက်က မီးကျည်တွေ သတိပေးပစ်ခတ်ခဲ့ရကြောင်း ထိုင်းသတင်းဌာနတွေမှာဖော်ပြကြပါတယ်။




Comments