ပေါက်တောင်ပိုင်းကျေးရွာတွေ ဂျိုင်ရိုကော်ပတာနဲ့ဗုံးကြဲခံရပြီး အဘွားအိုတစ်ဦးအပါအဝင် ၇ ဦးသေဆုံး

ယူဂရင်း/BVJ_နိုဝင်ဘာ ၄၊ ၂၀၂၆

စစ်အုပ်စုအင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးနေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို လေကြောင်းကနေ ဂျိုင်ရိုကော်ပတာတွေနဲ့ မနေ့က နိုဝင်ဘာ ၃ရက် နေ့လယ်နှစ်နာရီခွဲအချိန်လောက်မှာ ဗုံးကြဲချခဲ့တာကြောင့် ဒေသခံ ၇ ဦးသေဆုံးခဲ့ပါတယ်။
ပေါက်မြို့နယ်တောင်ပိုင်း ကျောက်ခွက်ရွာ၊အိုင့်ကျယ်ရွာ၊လယ်လန်းရွာတွေကို ပုဂံညောင်ဦး လေဆိပ်ကတက်လာတဲ့ ဂျိုင်ရိုကော်ပတာ (၃) စီးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီတိုက်ခိုက်မှုကြောင့် ကျောက်ခွက်ရွာက ဆယ်ကျောက်သက်အရွယ် အမျိုးသား (၄)ဦးနဲ့ အမျိုးသမီး (၂)ဦး၊ လယ်လန်ရွာက အသက် (၉၀)အရွယ် မျက်စိမမြင်ရတဲ့အဖွားအို (၁)ဦး နေရာမှာတင်သေဆုံးသွားခဲ့တယ်လို့ ပေါက်မြို့နယ်အတွင်းက NUGရဲ့လူသားစာနာထောက်ထားရေးဌာနက ထုတ်ပြန်ထားပါတယ်။
လေကြောင်းဗုံးကြဲမှုအတွင်း ၁၅ ဦးလည်းထိခိုက်ဒဏ်ရာရခဲ့ပြီး ထိခိုက်သူတွေထဲမှာ အမျိုးသမီးအများစုပါဝင်ပါတယ်။

ပေါက်ဒေသခံတစ်ဦးက တိုက်ပွဲလည်းမရှိဘဲနဲ့စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုကို တမင်လာလုပ်ခဲ့တာဖြစ်တယ်လို့ Burma VJကိုပြောပါတယ်။
ဒါ့အပြင် အဲ့ဒီနေ့တရက်ထဲမှာပဲ စစ်တပ်ဟာ ပေါက်မြို့နယ်ကို ဂျက်ဖိုက်တာ၊ Mi -35 ၊ ဂျိုင်ရိုကော်ပတာ ၊ ကပစ ၂၄ လက်နက်စက်ရုံကလက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပေါက်တောင်ပိုင်းကျေးရွာတွေဖြစ်တဲ့ ဝန်ခြုံးရွာ၊ကျောက်ခွက်ရွာ၊ အိုင့်ကျယ်ရွာ၊ သီးချောက်ရွာ၊ သရဖီရွာနဲ့ လယ်လန်းရွာတို့က အိမ်ထောင်စု (၉၅၈)တို့က အမျိုးသား (၁၅၄၅ )ဦးနဲ့ အမျိုးသမီး (၁၇၉၆)ဦး စုစုပေါင်း (၃၃၄၁)ဦးတို့မှာ ရွာမှာမနေရဲတော့ပဲ တောတောင်တွေကြား ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ပေါက်မြို့နယ် လူသားစာနာထောက်ထားရေးဌာနက ထုတ်ပြန်ထားပါတယ်။
ပေါက်မြို့နယ်တောင်ပိုင်းနဲ့မြောက်ပိုင်းကို စစ်တပ်က ပြီးခဲ့တဲ့အောက်တိုဘာလထဲက စစ်ကြောင်းထိုးနေတာဖြစ်ပြီး စစ်ကြောင်းထိုးတဲ့လမ်းတလျောက်မှာ အိမ်တွေကိုမီးရှို့ဖျက်ဆီး၊ ဒေသခံတွေကိုဖမ်းဆီးသတ်ဖြတ်မှုတွေလုပ်ဆောင်နေတာကြောင့် ဒေသခံတွေဟာ နေအိမ်တွေမှာမနေရဲဘဲဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
ပုံစာ-ပေါက်မြို့နယ်တောင်ပိုင်းကို ဂျိုင်ရိုကော်ပတာနဲ့တိုက်ခိုက်ပြီးနောက် မြင်တွေ့ရပုံ(ဓါတ်ပုံ-ပေါက်မြို့နယ် လူသားစာနာထောက်ထားရေးဌာန)




Comments