top of page

စင်ကာပူသံအမတ်ကြီး ရီနာ လီ ICJ တရားသူကြီးအဖြစ်ရွေးချယ်ခံရ

Writer: BVJ
BVJ
Nov 4
2 min read

သူရ/BVJ_နိုဝင်ဘာ ၄၊ ၂၀၂၆

အရှေ့တောင်အာရှက ပထမဆုံး ICJ အမျိုးသမီးတရားသူကြီးဖြစ်လာသူ Rena Lee
အရှေ့တောင်အာရှက ပထမဆုံး ICJ အမျိုးသမီးတရားသူကြီးဖြစ်လာသူ Rena Lee

နိုင်ငံတကာ ဥပဒေရေးရာကျွမ်းကျင်သူ သံအမတ်ကြီး ရီနာ လီ (Rena Lee)ဟာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ တရားသူကြီးတစ်ဦးအဖြစ်ရွေးချယ်ခံလိုက်ရပြီဖြစ်ကြောင်း စင်ကာပူ ဥပဒေရေးရာဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၄ ရက်)မှာသတင်းထုတ်ပြန်ပါတယ်။


ရီနာ လီ ဟာ ICJ တရားရုံးမှာရွေးချယ်ခံရတဲ့ ပထမဆုံးသော စင်ကာပူနိုင်ငံသားဖြစ်လာသလို အရှေ့တောင်အာရှက ပထမဆုံးသော အမျိုးသမီးတရားသူကြီးလည်းဖြစ်တယ်လို့ ဝန်ကြီးဌာနကဖြည့်စွက်ပြောကြာထားပါတယ်။


အသက် ၅၇ နှစ်အရွယ် မစ္စလီဟာ တရားသူကြီး ၁၅ ဦးပါဝင်တဲ့ တရားရုံးမှာ ၂၀၂၇ ကနေ ၂၀၃၆ အထိသက်တမ်းအတွက် လစ်လပ်နေတဲ့ ၅ နေရာထဲက ၁ နေရာကိုရရှိခဲ့တာဖြစ်ပါတယ်။ သူမရဲ့ တာဝန်ထမ်းဆောင်မှုသက်တမ်းကိုတော့ ၂၀၂၇ ခုနှစ်၊ဖေဖော်ဝါရီလမှာ စတင်မှာပါ။


ဒီရွေးကောက်တင်မြှောက်မှုကို နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂ ဌာနချုပ်မှာ အင်္ဂါနေ့ကကျင်းပခဲ့တာဖြစ်ပြီး ကုလသမဂ္ဂအထွေထွေ ညီလာခံရော လုံခြုံရေးကောင်စီမှာပါ မဲပေးပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မစ္စလီဟာ အဖွဲ့အစည်းနှစ်ခုလုံးမှာမဲအပြတ်အသတ်ရရှိခဲ့ပြီး အထွေထွေ ညီလာခံမှာ မဲ ၁၉၁ မဲအနက် ၁၅၁ မဲနဲ့ လုံခြုံရေးကောင်စီမှာ ၁၅ မဲအနက် ၁၃ မဲရရှိခဲ့ပါတယ်။


သူမဟာ အထွေထွေညီလာခံမှာ မဲအရေအတွက်အများဆုံးရရှိခဲ့သလို လုံခြုံရေးကောင်စီမှာလည်း ပူးတွဲမဲအများဆုံးရရှိခဲ့သူပါ။


စင်ကာပူအစိုးရက မစ္စလီရွေးချယ်ခံရမှုအပေါ် ဝမ်းမြောက်ကြောင်း ဂုဏ်ပြုခဲ့ပြီး ဒါဟာနိုင်ငံအတွက် အရေးပါတဲ့သမိုင်းမှတ်တိုင်တစ်ခုဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီလိုခိုင်မာတဲ့ ထောက်ခံမှုရရှိခဲ့ခြင်းဟာ မစ္စလီအပေါ် နိုင်ငံတကာအသိုင်းအဝန်းရဲ့ ယုံကြည်မှုနဲ့မျှော်လင့်ချက်တွေကို ရောင်ပြန်ဟပ်နေတာဖြစ်တယ်လို့ ဥပဒေရေးရာဝန်ကြီးဌာနက ဆိုထားပြီး သူမနဲ့အတူရောက်ရှိလာမယ့် ICJ တရားသူကြီးအဖွဲ့အတွက် အောင်မြင်တဲ့သက်တမ်းတစ်ခုဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။


သူမရဲ့ကိုယ်စားလှယ်လောင်းလျှောက်ထားမှုကို ၂၀၂၄ ခုနှစ်မှာစတင် ကြေညာခဲ့တာဖြစ်ပြီး ၂၀၂၆ ခုနှစ်မှာတော့ တရားဝင်အဆိုပြုခြင်းခံခဲ့ရတာဖြစ်ပါတယ်။


ရွေးချယ်ခံရမှုနဲ့ပတ်သက်လို့ မစ္စလီက "နိုင်ငံတကာ အသိုက်အဝန်းက ကျွန်မအပေါ် ထားရှိတဲ့ယုံကြည်မှုအတွက် အလွန်ပဲဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျွန်မရဲ့ယှဉ်ပြိုင်မှုကိုထောက်ခံပေးခဲ့ကြတဲ့ နိုင်ငံအများအပြားကိုလည်း ကျေးဇူးတင်ရှိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

"ကမ္ဘာ့မရေရာမှုတွေ ပိုမိုကြီးထွားလာနေတဲ့ အခုလိုအချိန်မှာ အပြည်ပြည်ဆိုင်ရာတရားရုံးဟာ အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာဖြေရှင်းရေးနဲ့ နိုင်ငံတကာဥပဒေ ထိန်းသိမ်းစောင့်ရှောက်ရေးမှာ အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ ကျွန်မအနေနဲ့လွတ်လပ်မှု၊ ဘက်လိုက်မှုမရှိမှု၊ ဖြောင့်မတ်မှန်ကန်မှုတို့နဲ့အတူ တရားရုံးမှာတာဝန်ထမ်းဆောင်သွားဖို့နဲ့ လာမယ့်နှစ်တွေမှာ အရေးပါတဲ့လုပ်ငန်းတွေမှာထည့်ဝင်ဆောင်ရွက်သွားဖို့မျှော်လင့်ပါတယ်" လို့လည်း သူမကဆိုပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗိဗျန် ဗာလာကရစ်ရှနန် (Vivian Balakrishnan) က မစ္စလီ ရွေးချယ်ခံရမှုဟာ "ထူးခြားပြောင်မြောက်တဲ့ အောင်မြင်မှုတစ်ခုဖြစ်ပြီး စင်ကာပူအတွက် အတိုင်းအဆမရှိဂုဏ်ယူစရာအခိုက်အတန့် ဖြစ်တယ်" လို့ ပြောကြားခဲ့ပါတယ်။


မဲပေးပွဲအပြီး Facebook စာမျက်နှာမှာရေးသားခဲ့ရာမှာတော့ စင်ကာပူလို နိုင်ငံငယ်လေးတစ်ခုအတွက် ဒါဟာ အင်မတန်အဓိပ္ပာယ်ရှိလှတယ်လို့ ဆိုပါတယ်။


"နိုင်ငံတကာဥပဒေနဲ့ စည်းမျဉ်းအခြေပြု ဘက်ပေါင်းစုံစနစ်တွေဖိအားပေးခံနေရတဲ့ အခုလိုအချိန်မှာ ရီနာရွေးချယ်ခံရမှုဟာ ခိုင်မာတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အရေးပါမှုကိုရော၊ ကမ္ဘာ့စင်မြင့်ပေါ်မှာ နိုင်ငံငယ်လေးတွေ ထည့်ဝင်ဆောင်ရွက်နိုင်တဲ့ အခန်းကဏ္ဍကိုပါ ပေါ်လွင်စေတာပါ"

ဥပဒေရေးရာဝန်ကြီး အက်ဒဝင် တောင်း (Edwin Tong) ကလည်း ဒီသမိုင်းဝင်မဲပေးမှုဟာ "ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ အဆိုပြု ကိုယ်စားလှယ်လောင်းလျာများစွာကြားထဲက ရီနာ့အပေါ် ထားရှိတဲ့ ယုံကြည်မှုကို ခိုင်မာစွာအတည်ပြုလိုက်တာပဲ ဖြစ်ပါတယ်" လို့ ပြောပါတယ်။


"စင်ကာပူနိုင်ငံရဲ့ ပထမဆုံးသောဒီယှဉ်ပြိုင်မှုဟာ အထူးသဖြင့် နိုင်ငံငယ်လေးတစ်ခုအနေနဲ့ နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းစောင့်ရှောက်ဖို့နဲ့ စည်းမျဉ်းအခြေပြုဘက်ပေါင်းစုံစနစ်ကို ထောက်ခံဖို့ ကျနော်တို့မြင်တွေ့တဲ့ တန်ဖိုးကိုကိုယ်စားပြုနေတာပါ။ နိုင်ငံတကာဥပဒေဆိုတာ နိုင်ငံကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ အားလုံးဆက်ဆံဆောင်ရွက်နိုင်တဲ့ ဘုံဘာသာစကားတစ်ခု ဖြစ်သလို၊ ICJ ဟာလည်း အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာဖြေရှင်းရေးမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်"


မစ္စလီဟာ နိုင်ငံတကာ ခုံသမာဓိတရားရုံး (PCA) နဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု အငြင်းပွားမှုများ ဖြေရှင်းရေးဗဟိုဌာန (ICSID) ရဲ့ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့အစည်းများအပါအဝင် အခြားသောအဖွဲ့အစည်းတွေမှာလည်း ရာထူးတာဝန်တွေရယူထားသူပါ။


ကုလသမဂ္ဂ စီရင်ပိုင်ခွင့်နယ်နိမိတ်ပြင်ပရှိ ပင်လယ်ပြင် ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ အစိုးရချင်းဆွေးနွေးပွဲ (BBNJ) ရဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ချိန်က မစ္စလီဟာ ၅ နှစ်ကြာရှုပ်ထွေးပြီး စိန်ခေါ်မှုများပြားလှတဲ့ ဘက်ပေါင်းစုံဆွေးနွေးပွဲတွေကို ဦးဆောင်မောင်းနှင်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ သမိုင်းဝင် BBNJ သဘောတူညီချက်ကို အတည်ပြုနိုင်ခဲ့ပါတယ်။


မဲပေးပွဲမတိုင်မီ အင်္ဂါနေ့က စင်ကာပူအစိုးရရဲ့ မစ္စလီအပေါ် အပြည့်အဝ ထောက်ခံမှုကို ဒေါက်တာ ဗိဗျန်နဲ့ မစ္စတာ အက်ဒဝင် တောင်းတို့က ပြန်လည်အလေးပေးပြောဆိုခဲ့ကြသလို၊ ရွေးကောက်ပွဲအတွက် နယူးယောက်မြို့မှာ ကိုယ်တိုင်ရောက်ရှိနေခဲ့ကြတာပါ။ ဒါ့အပြင် သူတို့ဟာ မဲမပေးမီ တနင်္လာနေ့ညနေပိုင်းက နယူးယောက်မှာ မစ္စလီအတွက် ဧည့်ခံပွဲတစ်ခုကိုလည်း အိမ်ရှင်အဖြစ်လက်ခံကျင်းပပေးခဲ့ကြပါတယ်။

ခရက်ဒစ် - CNA NEWS

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page