top of page

ရွှေကူမြို့တိုက်ပွဲမှာ စစ်အုပ်စုက ကလက်စတာဗုံးတွေအသုံးပြုနေတယ်လို့ ဒေသခံတွေကအတည်ပြု

  • Writer: BVJ
    BVJ
  • 2 days ago
  • 1 min read

သူရ/BVJ_သြဂုတ် ၂၉၊ ၂၀၂၆

လတ်တလောတိုက်ပွဲတွေပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့ပတ်ဝန်းကျင်ကကျေးရွာတွေကို စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာမှာ ကလက်စတာဗုံး (Cluster Bomb)တွေကိုအသုံးပြုနေတယ်လို့ ဒေသခံတွေက ပုံတွေနဲ့တကွထုတ်ဖော်ပြောဆိုနေကြပါတယ်။


အဲ့ဒီဗုံးတွေဟာ မြန်မာစစ်တပ်ရဲ့လေတပ်ကအသုံးပြုနေတဲ့ Cluster Bomb တွေဖြစ်ကြောင်း မြန်မာပြည်တွင်းစစ်မှာသုံးနေတဲ့ လက်နက်အမျိုးအစားတွေကို လေ့လာသုံးသပ်ဖော်ပြနေတဲ့ Tactical Raptor 2.0 ပေ့ချ်က တာဝန်ရှိသူတစ်ဦးကလည်း BVJကိုအတည်ပြုပေးပါတယ်။

ရွှေကူမြို့ကို စစ်တပ်ကဂျက်ဖိုက်တာ ၅ စီးနဲ့ မနေ့ည ၇ နာရီကနေ ၉ နာရီခန့်အထိ ကလက်စတာဗုံးတွေဆက်တိုက်ကြဲချခဲ့တာဖြစ်ပြီး၊ မနေ့ညက ရေလဲရွာနဲ့ ဆင်တပ်ရွာ၊ ဒီနေ့နေ့လယ်ပိုင်းမှာတော့ ရွှေကူ ဇင်းဘုံရွာ ဧရာဝတီမြစ်တစ်ကြောမှာ ဆက်လက်ကြဲချခဲ့တယ်လို့သတင်းရရှိပါတယ်။

အာရက္ခတပ်တော် (ULA/AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် မင်းပြားနဲ့ ကျောက်တော်မြို့နယ်အတွင်းက ကျေးရွာအချို့မှာလည်း စစ်တပ်က ကလက်စတာဗုံးတွေ အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ AAက မေလ ၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ မေလ ၇ ရက်နေ့ နေ့လယ် ၂ နာရီ ၁၅ မိနစ်ခန့်မှာ မင်းပြားမြို့နယ်၊ ကျောက်ခုတ်ကျေးရွာ အရှေ့တောင်ဘက်ရှိ ကင်းမွန်ချောင်းဂျိုင်နဲ့ အနီးတဝိုက်ကို စစ်တပ်က ဂျက်ဖိုက်တာ ၂ စီး၊ Y-12 တစ်စီးတို့နဲ့ မိနစ် ၄၀ ခန့်ကြာအောင် တရစပ်ဗုံးကြဲခဲ့တယ်လို့ AAကဆိုပါတယ်။


အမျိုးအစားအားဖြင့် အဆိုပါဗုံးဟာ နောက်မြီးဒလက်ကနေ ထိပ်ဖူးအထိ အလျား ၇ ပေ ၇ လက်မရှိပြီး၊ ကိုယ်ထည်ကိုသံပြားအခုံးအရှည် ၃ ချပ်နဲ့ လုံးရှည်သဏ္ဍာန် တွဲဆက်ထားပါတယ်။ အတွင်းမှာတော့ ဂတ်စ်အိုးအသေးစားအရွယ်ခန့်ရှိတဲ့ ပေါက်ကွဲစေတတ်တဲ့ ဗုံးသီး ၁၀ လုံးပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအစုလိုက်အပြုံလိုက်ပေါက်ကွဲစေတတ်တဲ့ ဒီကလက်စတာဗုံးတွေကိုအသုံးပြုနေကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးနဲ့လက်နက်စောင့်ကြည့်ရေးအဖွဲ့အစည်းတွေက အခိုင်အမာထုတ်ဖော်ပြောဆိုထားကြပါတယ်။


စောင့်ကြည့်လေ့လာရေးအဖွဲ့တွေဖြစ်တဲ့ Cluster Munition Coalition (CMC) နဲ့ Landmine and Cluster Munition Monitor တို့ရဲ့ အစီရင်ခံစာတွေအရ၊ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ လေကြောင်းကနေ နိုင်ငံတော်ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ထုတ်လို့ယူဆရတဲ့ ပြည်တွင်းဖြစ်ဗုံးတွေကို အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။


ဒီလက်နက်အမျိုးအစားဟာ ဗုံးသီးကြီးတစ်ခုအတွင်းမှာ သေးငယ်တဲ့ဗုံးသီးခွဲငယ်တွေ (Submunitions)ကိုထည့်သွင်းတပ်ဆင်ထားပြီး၊ လေထဲမှာ ကွဲထွက်ကာ ကျယ်ပြန့်တဲ့ ဧရိယာအတွင်း ပျံ့နှံ့ပေါက်ကွဲစေတာ ဖြစ်ပါတယ်။ အဲဒီထဲကမှ ချက်ချင်းမပေါက်ကွဲဘဲ ကျန်ရစ်ခဲ့တဲ့ ဗုံးသီးအစအနတွေဟာ မြေမြှုပ်မိုင်းတွေလို ရပ်ရွာတွေထဲမှာကျန်ရှိနေပြီး အရပ်သားပြည်သူတွေ (အထူးသဖြင့် ကလေးငယ်တွေ)ကို နှစ်ရှည်လများအန္တရာယ်ပေးနိုင်စွမ်း ရှိပါတယ်။


ကမ္ဘာ့နိုင်ငံပေါင်း ၁၂၃ နိုင်ငံ လက်မှတ်ရေးထိုးထားတဲ့ «အစုလိုက်အပြုံလိုက် ပေါက်ကွဲစေတတ်သော လက်နက်များဆိုင်ရာ ကွန်ဗင်းရှင်း (Convention on Cluster Munitions)» အရ ဒီလက်နက်တွေကို အသုံးပြုခြင်း၊ ထုတ်လုပ်ခြင်းနဲ့ သိုလှောင်ခြင်းတွေကို တားမြစ်ထားပါတယ်။


မြန်မာနိုင်ငံကတော့ ဒီစာချုပ်မှာပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိသေးပါဘူး။ သို့သော်လည်း အရပ်သားတွေကိုရည်ရွယ်တိုက်ခိုက်တဲ့ ဒီလိုထိခိုက်မှုကြီးမားတဲ့ လက်နက်အသုံးပြုမှုကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးယန္တရားတွေက ပြင်းထန်စွာရှုတ်ချကန့်ကွက်နေကြဆဲဖြစ်ပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page