top of page

ရွှေကုက္ကိုမြို့သစ် ဝင်ရောက်စီးနင်းမှုအတွင်း နိုင်ငံခြားသား ၃၄၆ ဦးဖမ်းမိ

  • Writer: BVJ
    BVJ
  • 7 days ago
  • 1 min read

အေတီ/BVJ- နိုဝင်ဘာ ၁၈၊ ၂၀၂၅

ree

နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကရင်ပြည်နယ်၊မြဝတီမြို့ထဲက ကျားဖြန့်စင်တာ ရွှေကုက္ကိုမြို့သစ်ကို ဒီနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ နယ်ခြားစောင့်တပ်(BGF) နဲ့ မြန်မာစစ်တပ်ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပါတယ်။


အဲ့ဒီဝင်ရောက်စီးနင်းမှုအတွင်းမှာ နိုင်ငံခြားသား ၃၄၆ ဦးကျော်ကိုဖမ်းဆီးမိခဲ့ပြီး ကွန်ပျူတာနဲ့မိုဘိုင်းဖုန်းအမြောက်အများသိမ်းဆည်းမိခဲ့ကြောင်းကို ထိုင်းနိုင်ငံအခြေစိုက် The Repotersသတင်းဌာနမှာဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။


The Repoters သတင်းဌာနနဲ့ BGF တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးနိုင်မောင်ဇော်တို့ရဲ့ မနေ့ကအင်တာဗျူးမှာတော့ သူတို့ပြုစုထားတဲ့စာရင်းအရ ရွှေကုက္ကိုဒေသပတ်ဝန်းကျင်မှာကျားဖြန့်ကိစ္စနဲ့ပတ်သက်နေတဲ့သူ "တစ်ထောင်ကျော်ကျော်၊ နှစ်ထောင်ပတ်ဝန်းကျင်" ရှိတယ်လို့ပြောထားပါတယ်။


ဒီနေ့ဖမ်းမိတာက ၃၄၆ဦး၊ မနေ့က ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်ပြောတာ တစ်ထောင်ကျော် နှစ်ထောင်ကျော်ဆိုတော့ ဖမ်းမမိသေးဘဲကျန်တဲ့တွေလူတွေ ဘယ်ရောက်သွားလဲ၊ ဘယ်မှာခိုလှုံနေကြလဲဆိုတဲ့ မေးခွန်းတွေကလည်းတပြိုင်နက်ထွက်ပေါ် လာပါတယ်။

ree

ရွှေကုက္ကိုမြို့သစ်က ကျားဖြန့်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကို အထူးစစ်ဆင်ရေးအနေနဲ့အပြီးအပြတ်နှိမ်နင်းသွားမယ်လို့ ကရင်နယ်ခြားစောင့်တပ် (BGF)ကမနေ့ကကြေညာပြီးတဲ့နောက်မှာ ရွှေကုက္ကိုမြို့သစ်ဝန်းကျင်က နိုင်ငံခြားသားတွေဟာ ညတွင်းချင်းတက်သုတ်ရိုက်ပြောင်းရွှေ့ မှုတွေပြုလုပ်ခဲ့ကြပြီး တချို့က ထိုင်းဘက်ခြမ်းကိုထွက်ပြေးတိမ်းရှောင်ဖို့ကြိုးစားနေကြတယ်လို့ The Reporters သတင်းဌာနမှာဖော်ပြပါတယ်။


ရွှေကုက္ကိုမြို့စီးနင်းတိုက်ခိုက်မှုဟာ ရွှေကုက္ကိုလ်မြို့သစ်ကိုတည်ထောင်ခဲ့သူ ရှီကျီကျန်း (She Zhijiang)ကို ထိုင်းအစိုးရက တရုတ်နိုင်ငံကိုလွှဲပြောင်းပေးခဲ့ပြီးနောက် ကျားဖြန့်လုပ်ငန်းတွေကိုအကာအကွယ်ပေးမှုနဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)အဖွဲ့နဲ့ ခေါင်းဆောင်အချို့ကို အမေရိကန်ကဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာဖြစ်လာခဲ့တာပါ။


ဒီနေ့ ရွှေကုက္ကိုမြို့သစ်စီးနင်းမှုမှာဖမ်းဆီးခံရတဲ့သူသုံးရာကျော်ဟာ လူကုန်ကူးခံရတဲ့အလုပ်သမားတွေသာဖြစ်ပြီး တဖက်မှာလည်းကျားဖြန့်လုပ်ငန်းက ခေါင်းဆောင်တွေနဲ့ တရုတ်သူဌေးတွေကို သူတို့ထိန်းချုပ်ထားတဲ့နယ်မြေတွေထဲBGFကရွှေ့ပြောင်းထားတယ်ဆိုတဲ့ သတင်းတွေလည်းထွက်နေပါတယ်။


ရွှေကုက္ကိုမြို့သစ်စီမံကိန်းဟာ မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံနယ်စပ် ကရင်ပြည်နယ်၊မြဝတီမြို့ မြောက်ဘက်ဆယ်မိုင်အကွာမှာတည်ရှိပြီး ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်တဲ့ နယ်ခြားစောင့်တပ်ဖွဲ့BGFတပ်ဖွဲ့နဲ့ ဟောင်ကောင်မှာမှတ်ပုံတင်ထားတဲ့ ရထိုက်နိုင်ငံတကာဦးပိုင်အုပ်စု (Yatai International Holdings Group)တို့ ပူးပေါင်းလုပ်ကိုင်နေတာဖြစ်ပါတယ်။

ree

၂၀၁၉ခုနှစ်ကစတင်လည်ပတ်ခဲ့တဲ့ ရွှေကုက္ကိုမြို့သစ်ဟာ လတ်တလောနှစ်တွေအတွင်းမှာရာဇ၀တ်မှုတွေ၊ လူကုန်ကူးမှုတွေနဲ့ ကျားဖြန်လုပ်ငန်းတွေရဲ့ ဗဟိုချက်နေရာတစ်ခုအဖြစ် ပြောင်းလဲလာခဲ့ပါတယ်။


ကမ္ဘောဒီးယားနိုင်ငံသားခံယူထားတဲ့ ရှီကျစ်ကျန်းက ရွှေကုက္ကိုမြို့သစ်က အမေရိကန်ဒေါ်လာ ၁၅ဘီလျံတန်ဖိုးရှိတဲ့ ကာစီနို၊ဖျော်ဖြေရေးနဲ့ ခရီးသွားလုပ်ငန်းအဆောက်အုံတွေပါဝင်တဲ့ ကျားဖြန့်အင်ပါယာကိုဦးဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။သူ့ကို ၂၀၂၂ခုနှစ်၊သြဂုတ်လက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာဖမ်းဆီးခဲ့ပြီး တရုတ်အစိုးရရဲ့တောင်းဆိုမှုကြောင့် နိုဝင်ဘာ၁၂ရက်နေ့မှာ တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့ပါတယ်။

BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page