ရွှေဘိုခရိုင်အတွင်းက ဂိတ်တွေအားလုံးပိတ်သိမ်းဖို့ ပကဖအမိန့်ထုတ်
- BVJ

- Feb 17
- 1 min read
◼️စစ်ရေးအားကောင်းဖို့ဟုဆို
အယ်နာ/BVJ_ ဖေဖော်ဝါရီ ၁၇ ၊၂၀၂၆

ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်နောက်ဆုံးထားပြီး စစ်ကိုင်းတိုင်း၊ အမှတ် ၁ ရွှေဘိုခရိုင် စစ်ဌာနနယ်မြေမှာအတွင်းမှာရှိတဲ့ PDFတပ်ရင်းတွေ ၊ Local PDF တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖတွေ ဖွင့်ထားတဲ့ အလှူခံဂိတ်၊ မဲရောင်းဂိတ်၊ လမ်းပြုပြင်ရေးရန်ပုံငွေဂိတ်၊ စစ်ဆေးရေးဂိတ် အစရှိတဲ့ဂိတ်အားလုံး ပိတ်သိမ်းရမယ်လို့ အမှတ် ၁ ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့နဲ့ ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပူးတွဲထုတ်ပြန်ထားပါတယ်။
ဂိတ်တွေပိတ်သိမ်းပြီး PDF တပ်ရင်းတွေ ၊ Local PDF တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖတွေအနေနဲ့ လက်နက်ခဲယမ်း လိုအပ်ချက်ရှိတယ်ဆိုရင် သက်ဆိုင်ရာအထက်အဆင့်ဆင့်ကို တင်ပြတောင်းခံရမှာဖြစ်ပြီး တရားမဝင်ဂိတ်တွေဖွင့်ငွေကောက်ခံတာမျိုးလို ပြည်သူကိုဝန်ထုတ်ဝန်ပိုးဖြစ်စေတဲ့ နည်းလမ်းတွေနဲ့ လက်နက်ခဲယမ်းအတွက် ရန်ပုံငွေရှာတာတွေမလုပ်ကြဖို့ကိုလည်း ဖေဖော်ဝါရီ ၁၀ ရက်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အခုလို ဂိတ်တွေပိတ်သိမ်းခိုင်းတာဟာ ခရိုင်အတွင်းမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တစုတစည်းထဲဖြစ်စေဖို့ ၊ တိုက်ပွဲဖော်ဆောင်တဲ့အခါ တိုက်ချင်တဲ့အဖွဲ့က တိုက်ချင်တဲ့နေရာကဝင်တိုက်တဲ့အခြေအနေမျိုးကနေ အချိတ်အဆက်မိမိ COCအားကောင်းကောင်းနဲ့ စနစ်တကျတိုက်ပွဲဝင်ဖို့ ဂိတ်တွေပိတ်ခိုင်းတာဖြစ်တယ်လို့ ခရိုင်စစ်ဌာနနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
PDFတွေအနေနဲ့ဂိတ်တွေဖွင့်ပြီးငွေကောက်ခံတဲ့အပေါ်မှာ ပြည်သူတွေရဲ့တိုင်ကြားမှုတချို့လည်းရှိနေတာကြောင့် အခုလိုဆောင်ရွက်ဖို့ ကြိုတင်ညှိနှိုင်းလုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
"ဂိတ်တွေပိတ်သိမ်းလိုက်တဲ့အတွက် အခွန်ကိစ္စကတော့ NUG အစိုးရရဲ့ အခွန်မူဝါဒတွေ လုပ်ထုံးလုပ်နည်းတွေနဲ့ဆက်သွားပါလိမ့်မယ်။ လိုကယ်အဖွဲ့တွေနဲ့ အခွန်ကိစ္စပတ်သက်မှုကလည်း NUG အစိုးရနဲ့ ဆက်လက်ညှိနှိုင်းဆောင်ရွက်ရလိမ့်ဦးမယ်ထင်ပါတယ်။ လောလောဆယ်တော့ခရိုင်အတွင်း စစ်ရေးအားကောင်းအောင် ဆောင်ရွက်တဲ့သဘောပါ" လို့ခရိုင်စစ်ဌာနနဲ့ နီးစပ်သူက BVJ ကိုပြောပါတယ်။
ဒါ့အပြင် ခရိုင်အတွင်း ဂိတ်တွေစနစ်တကျစီစစ်နိုင်ဖို့ယာယီပိတ်ထားတဲ့သဘောသာဖြစ်ပြီး စစ်ရေး၊ လုံခြုံရေး၊နယ်မြေစိုးမိုးရေးအရလိုအပ်ကြောင်းတွေ့ရှိခဲ့ရင် ပြန်ဖွင့်နိုင်တယ်လို့လည်းဆိုပါတယ်။
အခုထုတ်ပြန်ချက်ဟာ အမှတ်၁ ရွှေဘိုခရိုင် စစ်ဌာနနယ်မြေအားလုံးမှာသက်ရောက်တာဖြစ်ပြီး ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတော့ ဒီပဲယင်းမြို့နယ်အတွင်းကဂိတ်တွေ ဆက်မဖွင့်ကြဖို့နဲ့ ဆက်ဖွင့်ခဲ့မယ်ဆိုရင်လည်း မိမိတို့ရဲ့တာဝန်သာဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားတာရှိပါတယ်။
ဓါတ်ပုံ-ပုံဟောင်းဖော်ပြထားပါတယ်။




Comments