ရွှေဘို၊ သစ်ချိုပင်ရွာလေကြောင်းဗုံးကြဲခံရပြီး ၇နှစ်ကလေးအပါအဝင် သုံးဦးသေဆုံး
- BVJ

- Dec 5
- 1 min read
BVJ/အယ်နာ_ဒီဇင်ဘာ ၅၊ ၂၀၂၅

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်အရှေ့ခြမ်းမှာရှိတဲ့ သစ်ချိုပင်ရွာကို ဒီကနေ့မနက်ပိုင်း တစ်နာရီကျော်လောက်မှာ စစ်အုပ်စုကလေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၇နှစ်အရွယ် ကလေးတစ်ဦးနဲ့ အမျိုးသား၊ အမျိုးသမီးနှစ်ဦးတို့သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သစ်ချိုပင်ကျေးရွာအနီးမှာ တိုက်ပွဲတစုံတရာဖြစ်ပွားတာမရှိဘဲနဲ့ တံတားဦးဘက်ကတက်လာတဲ့ စစ်အုပ်စုရဲ့ ဂျက်ဖိုက်တာလေယာဉ်ကနေ ပေါင် ၂၅၀ဗုံးနှစ်လုံးကြဲချခဲ့တာကြောင့် သေဆုံးသွားတာဖြစ်ပြီး ဒေသတွင်းအခြေအနေတွေကို Wetlet Information Networkက သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသွားသူတွေကတော့ အသက် ၇နှစ်အရွယ် မဝင်းလဲ့လဲ့ထွန်း၊ အသက်၃၅နှစ်အရွယ် ကိုမြင့်သူဝင်းနဲ့ ဇနီးဖြစ်သူ အသက်၃၅ နှစ်အရွယ် မမေလွမ်းသူတို့ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ နှစ်ဦးလည်းရှိနေတယ်လို့ Wetlet Informationl Networkကဖော်ပြပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ရက်နေ့က စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်အတွင်းက နတ်မှော်ဦးကျေးရွာကို စစ်အုပ်စုကလေကြောင်းဗုံးကြဲခဲ့တာကြောင့် ၂နှစ်ကလေးငယ်အပါအဝင် မိသားစုဝင် ၅ ဦးသေဆုံးပြီးတော့ ၅ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ Wetlet Informationl Network ကထုတ်ပြန်ထားပါတယ်။
စစ်အုပ်စုအနေနဲ့ အရပ်သားပြည်သူတွေကို ဦးတည်ပြီးတော့ လေကြောင်းဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေစနစ်တကျတူးဖော်ပြီးတော့ လေကြောင်းသတိရှိကြဖို့လည်း Wetlet Information Network တာဝန်ခံကိုနဂါးလေးက တိုက်တွန်းထားတာရှိပါတယ်။
လက်ရှိဗုံးကြဲခံရတဲ့ ဝက်လက်မြို့အရှေ့ဖက်ခြမ်းမှာ စစ်ကောင်စီနဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြား မြေပြင်တိုက်ပွဲတစုံတရာဖြစ်ပွားတာမရှိပေမယ့် ဝက်လက်အနောက်ဘက်ခြမ်းမှာတော့ နှစ်ဘက်ပွဲတွေ ပြင်းထန်နေတာလည်းဖြစ်ပါတယ်။







Comments