နိုင်ငံပိုင်လေယာဉ်နဲ့ပြန်လာဖို့ ရှိတ်ဟာဆီနာ တောင်းဆို၊ လက်ထိပ်ခတ်ပြီးမှပြန်လာရမယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရတုံ့ပြန်

အီးကေ/BVJ နိုဝင်ဘာလ ၂၄၊ ၂၀၂၆

အိန္ဒိယနိုင်ငံမှာ ၂နှစ်ကျော်ကြာ ပြည်ပြေးအဖြစ်ခိုလှုံနေရတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ (Sheikh Hasina) ဟာ လာမယ့် ဒီဇင်ဘာလ ၁၆ ရက် အောင်ပွဲနေ့မှာ နိုင်ငံပိုင်လေကြောင်းလိုင်းနဲ့ နေရပ်ပြန်လာဖို့စီစဉ်ပေးဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရကိုတောင်းဆိုလိုက်ပါတယ်။
၁၉၇၁ ခုနှစ် ပါကစ္စတန်နဲ့ဖြစ်ပွားခဲ့တဲ့ လွတ်လပ်ရေးစစ်ပွဲပြီးဆုံးခြင်း နှစ်ပတ်လည်နေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ အသက် ၇၉ နှစ်အရွယ် ဟာဆီနာပြန်လာဖို့စီစဉ်နေကြောင်း သူမရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆိုင်ယက် မိုဇမ်မယ် အလီ (Syed Mozammel Ali) က အင်္ဂါနေ့မှာ Reutersသတင်းဌာနကိုပြောကြားခဲ့တာပါ။
၂၀၂၄ ခုနှစ်၊ဩဂုတ်လ ၅ ရက်နေ့ လူထုအုံကြွမှုအတွင်း ဟာဆီနာကို ဘင်္ဂလားဒေ့ရှ်လေယာဉ်နဲ့ အိန္ဒိယကိုပို့ဆောင်ခဲ့တာဖြစ်တဲ့အတွက် အခု ဒေလီကနေ ဒါကာကိုပြန်လာနိုင်ဖို့ နိုင်ငံပိုင် Biman Bangladesh Airlines နဲ့စီစဉ်ပေးဖို့ အစိုးရမှာတာဝန်ရှိတယ်လို့ ထုတ်ပြန်ချက်ထဲမှာတောင်းဆိုထားပါတယ်။
ဒီတောင်းဆိုချက်အပေါ် လက်ရှိ ဝန်ကြီးချုပ် တာရစ် ရာမန် (Tarique Rahman) အစိုးရဘက်က ပြင်းပြင်းထန်ထန်ပယ်ချလိုက်ပြီး မျက်ကွယ်မှာ သေဒဏ်ချမှတ်ခံထားရတဲ့ ဟာဆီနာအနေနဲ့ တရားခံလွှဲပြောင်းရေး စာချုပ်အရသာပြန်လာခွင့်ရှိမယ်လို့ တုံ့ပြန်ပါတယ်။
"ဟာဆီနာဟာ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ဝရမ်းပြေးအကြမ်းဖက်သမားပါ။ တရားခံလွှဲပြောင်းရေးစာချုပ်အရ လက်ထိပ်ခတ်ပြီးတင်းကျပ်တဲ့ စောင့်ကြည့်မှုတွေအောက်မှာပဲ ပြန်လာခွင့်ရှိပါမယ်။ လေယာဉ်စီစဉ်ပေးဖို့ဆိုတဲ့ စိတ်ကူးယဉ်ဆန်တဲ့တောင်းဆိုမှုမျိုးကို လုံးဝစဉ်းစားမှာမဟုတ်ပါဘူး" လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဟူမေယွန်း ကိုဘီယာ (Humaiun Kobir) ပြောပါတယ်။
သေဒဏ်ချမှတ်ခံထားရတဲ့ ဝရမ်းပြေးတစ်ဦးအနေနဲ့ အစိုးရကသူမ ပြန်လာဖို့စီစဉ်ပေးလိမ့်မယ်လို့ မျှော်လင့်နေတာဟာ "ရယ်စရာကောင်းလွန်းတယ်" လို့ အစိုးရရှေ့နေချုပ် အမီနူးလ် အစ္စလာမ် (Aminul Islam) က ဆိုပါတယ်။
ပြန်ရောက်လာပါက သေဒဏ်စီရင်မည်
ဟာဆီနာပြန်ရောက်လာခဲ့ရင် အစိုးရအနေနဲ့ သေဒဏ်ကိုအတည်ပြု စီရင်သွားဖို့ ပြင်ဆင်ထားကြောင်း ဝန်ကြီးချုပ်ရဲ့ ပြန်ကြားရေးအကြံပေး ဇာဟဒ် အူ ရာမန် (Zahed Ur Rahman) က ပြောကြားခဲ့သလို အဝါမီလိဂ် ပါတီ (Awami League) ခေါင်းဆောင်တွေ တရားမဝင် ဝင်ရောက်မလာနိုင်အောင် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် နယ်ခြားစောင့်တပ်ဖွဲ့တွေကို တပ်လှန့်ထားပါတယ်။ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာမှတ်ချက်မပေးသေးပါဘူး။
ကုလသမဂ္ဂရဲ့ အဆိုအရ ၂၀၂၄ ခုနှစ် လူထုအုံကြွမှုအတွင်း လူပေါင်း ၁,၄၀၀ အထိ သေဆုံးခဲ့ရမှုနဲ့ပတ်သက်ပြီး ဟာဆီနာကို ပြီးခဲ့တဲ့နှစ်က မျက်ကွယ်သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ဝက်သက်ရောဂါကူးစက်ပျံ့နှံ့မှုနဲ့ အထည်ချုပ်အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲတွေကို ရင်ဆိုင်နေရချိန်မှာ ပိတ်ပင်ခံထားရတဲ့ အဝါမီလိဂ် ပါတီဝင်တွေကလည်း ဟာဆီနာပြန်လာရေး လမ်းပေါ်ထွက်ဆန္ဒပြနေကြပြီး သူမရဲ့ ဇာတိ ဂိုပယ်ဂန်ဂျ် (Gopalganj) ခရိုင်မှာ လူသေဆုံးမှုတွေအထိ ပဋိပက္ခတွေဖြစ်ပွားနေပါတယ်။
ခရက်ဒစ် - Reuters




Comments