တရုတ်ထံ အဆင့်မြင့်ချစ်ပ်ပြားတွေတင်ပို့မှုနဲ့ အမေရိကန်ဥပဒေကို Nvidia စီအီးအိုချိုးဖောက်ကြောင်း အထက်လွှတ်တော်ခေါင်းဆောင် စွပ်စွဲ

သူရ/BVJ_နိုဝင်ဘာ ၂၅၊ ၂၀၂၆

တရုတ်နိုင်ငံဆီ အဆင့်မြင့်နည်းပညာတင်ပို့မှုတွေကိုကန့်သတ်ထားတဲ့ အမေရိကန် ဖက်ဒရယ်ဥပဒေကို နည်းပညာကုမ္ပဏီကြီး Nvidia ရဲ့ အမှုဆောင်အရာရှိချုပ် ဂျန်ဆန်ဟွမ် (Jensen Huang)ကချိုးဖောက်ခဲ့တယ်လို့ အမေရိကန် အထက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် ချပ်ခ်ရှူးမား (Chuck Schumer)က အင်္ဂါနေ့မှာစွပ်စွဲလိုက်ပါတယ်။
ဟွမ်ဟာ အမေရိကန်ပို့ကုန်ထိန်းချုပ်ရေး ဥပဒေကိုချိုးဖောက်ပြီး အလွန်အဆင့်မြင့်တဲ့ချစ်ပ်ပြားတွေကို တရုတ်နိုင်ငံဆီတင်ပို့ခဲ့တာဖြစ်ပြီး ဒါဟာ "အာကာသယှဉ်ပြိုင်ပွဲကာလတုန်းက ဆိုဗီယက်ပြည်ထောင်စုဆီ ဒုံးပျံအင်ဂျင်တွေ ရောင်းချတာနဲ့အတူတူပါပဲ" လို့ ရှူးမားက X လူမှုကွန်ရက်မှာ ရေးသားခဲ့တာပါ။
တရုတ်အစိုးရအေးဂျင့်အဖြစ် သံသယရှိခံထားရတဲ့အမျိုးသမီးတစ်ဦးနဲ့ ပတ်သက်ဆက်နွှယ်မှုရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေထွက်ပေါ်နေတဲ့ကြားကပဲ တနင်္လာနေ့မှာ ဟွမ်ကို Nvidia စီအီးအိုအဖြစ်ပြန်လည်ခန့်အပ်လိုက်ပြီးနောက်ပိုင်း ပါတီနှစ်ရပ်လုံးကလွှတ်တော်အမတ်တွေရဲ့ ဝေဖန်မှုတွေ ပိုမိုပြင်းထန်လာခဲ့ပါတယ်။
ဟွမ်ကို စီအီးအိုအဖြစ်ပြန်လည်ခန့်အပ်ဖို့ Nvidia ဘုတ်အဖွဲ့အပေါ် ဖိအားပေးခဲ့တဲ့ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကိုလည်း လွှတ်တော်အမတ်တွေက ပြင်းပြင်းထန်ထန်မေးခွန်းထုတ်နေကြပါတယ်။
တရုတ်အေးဂျင့်အဖြစ် သံသယရှိသူနဲ့ ဟွမ်ရဲ့ဆက်ဆံရေးအပေါ် ထရမ့် ဘာတွေသိထားသလဲ၊ အမျိုးသားလုံခြုံရေး အန္တရာယ်ကို ကာကွယ်ဖို့ ဘာတွေလုပ်ဆောင်ခဲ့သလဲဆိုတာအဖြေပေးဖို့နဲ့ အစိုးရနဲ့ Nvidia ဘုတ်အဖွဲ့ကြား ဆက်သွယ်မှုမှတ်တမ်းအားလုံးကိုတင်ပြဖို့ အောက်လွှတ်တော် ကော်မတီ ၄ ခုက ထိပ်တန်းဒီမိုကရက်တွေက စာပို့တောင်းဆိုထားပါတယ်။

ရီပတ်ဘလစ်ကန် အမတ်များ၏ သဘောထား
အထက်လွှတ်တော်အမတ် ကီဗင် ကရေမာ (Kevin Cramer) က အမေရိကန်ကို အန္တရာယ်ဖြစ်စေမယ့် လုပ်ရပ်တွေ မလုပ်မိအောင် "ဂျန်ဆန်ဟွမ် အပေါ်မှာ စောင့်ကြည့်ထိန်းကျောင်းပေးမယ့်သူ တစ်ယောက်တောင် ထားရမယ့် အခြေ အနေ ဖြစ်လာနိုင်တယ်" လို့ CNBC ကို ပြောကြားခဲ့သလို အောက်လွှတ်တော်အမတ် ပက် ဟယ်ရီဂန် (Pat Harrigan) ကလည်း ဟွမ်ကို ပြန်လည်ခန့်အပ်လိုက်တာဟာ ဥပဒေလိုက်နာမှုထက် လူတစ်ဦးရဲ့ ငွေကြေးဩဇာကို ဦးစားပေးရာရောက်တဲ့ "အန္တရာယ်ရှိတဲ့ အစဉ်အလာတစ်ခု" ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

လွှတ်တော် ကော်မတီများရှေ့မှောက် ဟွမ် ထွက်ဆိုရမယ်
တရုတ်နိုင်ငံက နောက်ဖေးပေါက်ကနေတဆင့် အဆင့်မြင့် ချစ်ပ်ပြားတွေမရယူနိုင်အောင် ပို့ကုန်ထိန်းချုပ်ရေး ဥပဒေတွေကို အမြန်ဆုံး တင်းကျပ်ပြဋ္ဌာန်းဖို့ လွှတ်တော်အမတ်တွေက တွန်းအားပေးနေကြပါတယ်။
လက်ရှိမှာတော့ Nvidia စီအီးအို ဂျန်ဆန်ဟွမ် အနေနဲ့ လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့မှာ အောက်လွှတ်တော် ကော်မတီ ၃ ခုနဲ့ တံခါးပိတ် ရှင်းလင်းတင်ပြပွဲ ပြုလုပ်ရမှာ ဖြစ်သလို ဒီဇင်ဘာလ ၃ ရက်နေ့မှာလည်း အထက်လွှတ်တော် ဘဏ်လုပ်ငန်းကော်မတီရဲ့ အများပြည်သူဆိုင်ရာ ကြားနာပွဲမှာ တရားဝင်ထွက်ဆိုရတော့မှာဖြစ်ပါတယ်။
ခရက်ဒစ် - Reuters




Comments