ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ သေဒဏ်ချမှတ်ခံရ
- BVJ

- Nov 18
- 1 min read
◾️သူ့ကိုပြန်ပို့ပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက အိန္ဒိယအစိုးရကိုတောင်းဆိုထား
အေတီ/BVJ_နိုဝင်ဘာ ၁၇၊ ၂၀၂၅

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ပြီးခဲ့တဲ့နှစ်ကျောင်းသားတွေ ဦးဆောင်တဲ့ဆန္ဒပြပွဲမှာ အကြမ်းဖက်နှိမ်နင်းခဲ့မှုနဲ့ပတ်သက်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတကာရာဇဝတ်မှု ခုံရုံးက သေဒဏ်ချမှတ်လိုက်ပါတယ်။
ဒါကာမြို့အခြေစိုက် နိုင်ငံတကာရာဇဝတ်မှုခုံရုံးက ရှိတ်ဟာစီနာနဲ့အတူ ပြည်ထဲရေးဝန်ကြီးဟောင်း Asaduzzaman Khanကိုလည်း ဆန္ဒပြတဲ့သူထောင်နဲ့ချီသေဆုံးခဲ့မှုမှာပါဝင်ပတ်သက်ခဲ့မှုနဲ့ သေဒဏ်ချမှတ်ခဲ့ပါတယ်။ဟာစီနာနဲ့ခန်းတို့နှစ်ဦးစလုံး အိန္ဒိယနိုင်ငံကို မနှစ်ကထွက်ပြေးခိုလှုံခဲ့တဲ့အတွက် တရားရုံးကမျက်ကွယ်စီရင်ချက်ချခဲ့ရပါတယ်။အပြစ်ရှိကြောင်း ဝန်ခံခဲ့တဲ့ရဲချုပ်ဟောင်းကိုလည်း တရားရုံးက ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ် ဇူလိုင်လနဲ့ဩဂုတ်လအတွင်းမှာဖြစ်ပွားခဲ့တဲ့ ကျောင်းသားတွေဦးဆောင်တဲ့ဆန္ဒပြပွဲအတွင်း လူထောင်နဲ့ချီသတ်ဖြတ်ခံရမှုမှာ နောက်ကွယ်ကကြိုးသူ၊အဓိကတာဝန်ရှိတဲ့သူတွေအဖြစ် ရှိတ်ဟာစီနာနဲ့ခန်းတို့ကိုစွပ်စွဲပြီး တရားရုံးက မျက်ကွယ်သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။
တရားရုံးရဲ့ပြစ်ဒဏ်ချမှတ်မှုဟာ တရားမျှတမှုမရှိဘူးလို့ ရှိတ်ဟာစီနာကတုံ့ပြန်ခဲ့ပြီး၊ ဆန္ဒပြပွဲကိုအသက်သေဆုံးမှုအနည်းဆုံးဖြစ်အောင် ကိုင်တွယ်ဖြေရှင်းခဲ့တယ်လို့ တရားရုံးကသေဒဏ်ချမှတ်မှုနဲ့ပတ်သက်ပြီး ရှိတ်ဟာစီနာကပြောပါတယ်။

အမှုပြန်လာရင်ဆိုင်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက ရှိတ်ဟာဆီနာကိုပြန်ပို့ဖို့တောင်းဆိုထားပေမယ့် အိန္ဒိယဘက်ကပြန်ပို့ဖို့အစီအစဥ်မရှိဘူးလို့သိရပါတယ်။ အသက်၇၈နှစ် ဟာစီနာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတည်ထောင်သူ ပထမဆုံးဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့တဲ့ ရှိတ်မူဂျီဘာရာမန်ရဲ့သမီးဖြစ်ပြီး တန်ဂီပါရာရှိတ် နိုင်ငံရေးမိသားစုဝင်တစ်ဦးဖြစ်ပါတယ်။
ရှိတ်ဟာစီနာဟာ ၁၉၈၁ခုနှစ်ကစပြီး အဝါမီလိဂ်ပါတီကိုဦးဆောင်လာခဲ့သူဖြစ်သလို ၁၉၉၆ ခုနှစ်ကနေ ၂၀၀၁ခုနှစ်အထိ၊ ၂၀၀၉ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ ဘင်္ဂလားဒေ့ရှ်ရဲ့ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။ ရှိတ်ဟာစီနာ အိန္ဒိယနိုင်ငံကိုထွက်ပြေးသွားပြီးနောက် သူဦးဆောင်ခဲ့တဲ့အဝါမီလိဂ်ပါတီရဲ့လှုပ်ရှားမှုအားလုံးကိုလည်း ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရက ပိတ်ပင်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရကို စီးပွားရေးပညာရှင်နိုဘယ်ငြိမ်းချမ်းရေး မိုဟာမက်ယူးနပ်စ်ဦးဆောင်နေပြီး၊၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှာ အထွေထွေ ရွေးကောက်ပွဲတစ်ခုကျင်းပဖို့ စီစဉ်ထားပါတယ်။အဲ့ဒီရွေးကောက်ပွဲမှာ သူ့ရဲ့ အဝါမီလိဂ်ပါတီကိုဝင်ပြိုင်ခွင့်မပြုဘဲ ဆက်ပြီးပိတ်ပင်ထားမယ်ဆိုရင် ရွေးကောက်ပွဲကိုသပိတ်မှောက်မယ်လို့ ဟာစီနာကခြိမ်းခြောက်ထားပါတယ်။
လတ်တလောမှာလည်း အဝါမီလိဂ်ပါတီထောက်ခံသူတွေနဲ့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေအကြား တင်းမာမှုတွေမြင့်တက်နေပြီး ဒါကာမြို့အနီးတဝိုက်မှာဖောက်ခွဲမှုတွေနဲ့မီးရှို့ဖျက်ဆီးမှုတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။







Comments