top of page

စစ်တပ်ဖမ်းဆီးချုပ်နှောင်မှုတွေအတွင်း NLDလွှတ်တော်ကိုယ်စားလှယ် ၂၉ ဦးအထိ သေဆုံးမှုရှိလာ

  • Writer: BVJ
    BVJ
  • Jun 30, 2025
  • 1 min read

BVJ/ထက်အောင် _ ဇွန် ၃၀ ၊ ၂၀၂၅

ဇွန် ၂၇ ရက်က အိုးဘိုအကျဉ်းထောင်ဆေးရုံမှာ ကွယ်လွန်ခဲ့တဲ့ မန္တလေးတိုင်းလွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦး
ဇွန် ၂၇ ရက်က အိုးဘိုအကျဉ်းထောင်ဆေးရုံမှာ ကွယ်လွန်ခဲ့တဲ့ မန္တလေးတိုင်းလွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦး

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ အကြမ်းဖက်နှိပ်စက်သတ်ဖြတ်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက်မရရှိမှုတို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်ထက် အစိုးရတာဝန်ထမ်းဆောင်ခဲ့သူ ၂ ဦး၊ ပါတီဝင် ၄၀ ကျော်နဲ့ လွှတ်တော်ကိုယ်စားလှယ် ၂၉ ဦး သေဆုံးခဲ့ပါတယ်။


အခု ဇွန်လ ၂၇ ရက်က အိုးဘိုအကျဉ်းထောင်ဆေးရုံမှာ မန္တလေးတိုင်း လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦး ရုတ်တရက်အမောဖောက်ကာ ကွယ်လွန်ခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်နယ်နဲ့တိုင်းလွှတ်တော်ကိုယ်စားလှယ် ၁၉ဦး ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၈ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂ ဦး စုစုပေါင်း ၂၉ ဦး ကွယ်လွန်ခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဆီက သိရပါတယ်။


သေဆုံးခဲ့သူ ၂၉ ဦးထဲမှာ အကျဉ်းထောင်အတွင်း သေဆုံးခဲ့သူ ၄ ဦး၊ စစ်ကောင်စီ စစ်ကြောရေးမှာ သေဆုံးခဲ့သူ ၁ ဦး၊ တိုက်ပွဲအတွင်း ကျဆုံးခဲ့သူ ၂ ဦးနဲ့ နေရပ်စွန့်ခွာ တိမ်းရှောင်နေချိန် သေဆုံးခဲ့သူ ၂၂ ဦးအထိရှိခဲ့တယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းကလည်း အိုးဘိုထောင်အတွင်းမှာ NLD လက်ထက် အစိုးရတာဝန်ထမ်းဆောင်ခဲ့တဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်၊ NLD ပါတီ ဒုတိယဥက္ကဌ ဦးဇော်မြင့်မောင်နဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်တို့ ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက်မရရှိခဲ့တာကြောင့် သေဆုံးခဲ့ပါသေးတယ်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားတဲ့အချက်အလက်များအရ NLD ပါတီနဲ့ အခြားပါတီအဖွဲ့အစည်းက ပါတီဝင်ပေါင်း ၅၇ ဦးဟာလည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သေဆုံးခဲ့ပါသေးတယ်။


စစ်တပ်အာဏာသိမ်းပြီးနောက် NLD ပါတီဝင်ပေါင်း ၂၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ၁၅၀၀ ကျော်ဟာ အကျဉ်းကျခံနေရဆဲဖြစ်သလို NLD ပါတီ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများ ကောက်ယူရေးအဖွဲ့ (NLD-HRDT) က ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်ဘာလမှာ ထုတ်ပြန်ထားပါသေးတယ်။ ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်ထိ ၅၀ ကျော်ဟာ မတရားအကျဉ်းကျခံနေရဆဲဖြစ်တယ်လို့ သိရပါတယ်။


၂၀၂၁နောက်ပိုင်း စစ်ကောင်စီရဲ့ အကြမ်းဖက်ကျူးလွန်မှုတွေကြောင့် သေဆုံးခဲ့ရသူ ၆၈၃၃ ဦးအထိရှိခဲ့ပြီး လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရသူ ၂၂၁၈၀ ဦးအထိရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကလည်း အခု ဇွန် ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page