ရွှေဘိုပျူရွာနဲ့ စစ်စခန်းတွေတိုက်ခိုက်မှုအတွင်း စစ်အုပ်စုဘက်က သေဆုံးသူများပြား
- BVJ

- Jun 30
- 1 min read
BVJ/ယူဂရင်း_ ဇွန် ၃၀၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက ဟင်္သာကြီးကျေးရွာရှိ ပျူစောထီးစခန်းနဲ့ စစ်ကောင်စီတပ်စခန်းကုန်းသုံးခုတို့ကို ဒေသပကဖတပ်ဖွဲ့တွေကတပြိုင်ထဲဝင်တိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်က သေဆုံးသူများပြားခဲ့တယ်လို့ တိုက်ခိုက်ခဲ့တဲ့အဖွဲ့တွေက မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဟင်္သာကြီးရွာပျူစခန်းနဲ့ စစ်အုပ်စုစခန်းကုန်းတို့ကို အခုလ ၂၈ရက် မနက်၆း၃၀အချိန်မှာ ရွှေဘိုမြို့နယ်ပကဖဦးဆောင်ပြီး ပူးပေါင်းပကဖတွေနဲ့တိုက်ခိုက််ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း ရန်သူဘက်က မျက်မြင် (၁၇)ယောက်သေဆုံးသလို နောက်ထပ် အရာခံဗိုလ်တစ်ယောက်အပါအဝင် နောက်ဆက်တွဲ (၇)ယောက်သေဆုံးတာကို နယ်မြေခံတွေကို အတည်ပြုပြီးသိရပါတယ်လို့ ဖော်ပြပါတယ်။
တိုက်ခိုက်မှုအတွင်း ဘိုးနတ်တောင်စစ်အုပ်စုအထိုင်ချစခန်းကို Drone ဗုံးသီးတွေချ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ကြပြီး ဟင်္သာကြီး(ပျူ) ကျေးရွာက ပျူဘန်ကာ (၅)ခုကို အောင်မြင်စွာသိမ်းနိုင်ခဲ့ပေမယ့် အနီးရှိ စစ်အုပ်စုစခန်းကုန်းကနေ ဟောင်ဝှစ်ဇာ၊ ၁၀၅ မမ၊ ၁၂၀ မမ တို့နဲ့ပစ်ကူပေးခဲ့တာကြောင့် စစ်ကူအင်အားတွေထပ်ရောက်လာပြီး ပြန်ဆုတ်ခဲ့ရတယ်လို့သိရပါတယ်။
တိုက်ပွဲအတွင်း ပကဖရဲဘော် (၂)ယောက်လည်း သေဆုံးခဲ့ပြီး နောက်ထပ် ရဲဘော် (၄)ယောက်လည်း ဒဏ်ရာရခဲ့သလို သုံ့ပန်း(၁၈)ယောက်ဖမ်းမိခဲ့ပြီး အမျိုးသမီးနဲ့ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေဖြစ်နေတာကြောင့် ပြန်လွှတ်ပေးခဲ့တယ်လို့ ရွှေဘိုပကဖက ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲနဲ့ပတ်သက်ပြီးသိရှိနိုင်ဖို့အတွက် Burma VJက ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
အခုတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ်ပကဖတာဝန်ခံရဲ့ကွပ်ကဲမှုနဲ့ ရွှေဘိုမြို့နယ်ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ တိုက်နယ်(၂)(၄)(၅) ပကဖတိုက်ခိုက်ရေးအဖွဲ့၊ ပူးပေါင်းအဖွဲ့အဖြစ် ရွှေဘိုခရိုင်ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ ရေဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ ဒီပဲယင်းမြို့နယ်ပကဖ Group - 3 အဖွဲ့၊ ရွှေဘိုမြို့နယ်ပကဖ PDO (Shwebo Faderal Tech-Drone တပ်ဖွဲ့)၊ ဘုတလင်မြို့နယ် ပကဖ Droneတပ်ဖွဲ့နဲ့ တိုက်နယ် (၅)ပကဖDrone တပ်ဖွဲ့တို့ကပူးပေါင်းတာဖြစ်ပြီး တိုက်ပွဲအတွင်း ကာဘိုင် (၂) လက်၊ ကိုးလုံး (၁)လက်၊ G-3 (၁)လက်၊ ကိုးလုံးကျည် (၆၆) တောင့်၊ G-3ကျည် (၆၃၅) တောင့်နှင့် ကျည်အိမ် (၄) ခုသိမ်းဆည်းရမိတယ်လို့ သိရပါတယ်။







Comments