ဆိပ်ဖြူတိုက်ပွဲအတွင်း တော်လှန်ရေးအဖွဲ့က စစ်ဦးစီးရေးချုပ်နဲ့ တပ်စုမှူးတို့ ကျဆုံး
- BVJ

- Jul 21
- 1 min read
BVJ/ယူဂရင်း_ ဇူလိုင် ၂၁၊ ၂၀၂၅

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ထဲမှာ အခု ဇူလိုင် ၁၇ ရက်ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာ ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) ရဲ့ စစ်ဦးစီးရေးချုပ်နဲ့ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)ရဲ့ တပ်စုမှူးတို့ ကျဆုံးခဲ့တယ်လို့ သက်ဆိုင်ရာတပ်ဖွဲ့တွေက သိရပါတယ်။
PDO/PDA စစ်ဦးစီးရေးချုပ် ရဲဘော်နဂါးဟာ ဆိပ်ဖြူနယ် စစ်ဆင်ရေးတခုအတွင်း အဖိနှိပ်ခံပြည်သူလူထု လွတ်မြောက်ရေးအတွက် ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ရင်းကျဆုံးခဲ့တာဖြစ်ပြီး ရဲဘော်နဂါးဟာ အဖွဲ့ / တပ်တော်ရဲ့ အဖိုးဖြတ်မရတဲ့ရဲဘော်ဖြစ်တဲ့အပြင် တပ်တော်တည်ထောင်စဥ်ကာလထဲက ကြုံဆုံလာတဲ့ အခက်အခဲအမျိုးမျိုး၊ တော်လှန်ရေးရိုက်ခတ်မှုပေါင်းစုံကို ကြံ့ကြံ့ခံရင်ဆိုင်လာသူတစ်ဦးဖြစ်တာကြောင့်လည်း ကြီးမားတဲ့ဆုံးရှုံးရမှုလည်းဖြစ်တယ်လို့ PDO/PDAက ထုတ်ပြန်ထားပါတယ်။

အလားတူပဲ ပြည်သူ့တော်လှန်ရေးတပ်ဦး-PRFတပ်စုမှူး ရဲဘော်ထွန်းခ(ခ)ရဲဘော်စိုင်းနောင်ဟာလည်း ဇူလိုင် ၁၇ရက်မှာ လက်ဆည်ရန်သူ့စခန်းကိုထိုးစစ်ဆင်တိုက်ခိုက်ရင်း အသက်ပေးတိုက်ပွဲဝင်သွားတာဖြစ်တယ်လို့ ဇူလိုင် ၁၉ရက်မှာ PRFက ထုတ်ပြန်ထားပါတယ်။

ကျဆုံးသွားတဲ့ရဲဘော်နှစ်ဦးဟာ PDO/PDA၊ PRFနဲ့ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(SRF) သုံးဖွဲ့ပေါင်းထားတဲ့ အမှတ်(၈)စစ်ကြောင်းမှာ တာဝန်ထမ်းဆောင်နေသူတွေဖြစ်ပြီး ရဲဘော်နဂါးက အမှတ် (၈)စစ်ကြောင်း သက်တမ်းသုံးကြိမ်လုံးမှာ စစ်ကော်မရှင်အဖွဲ့ဝင်ဖြစ်သလို ရဲဘော်ထွန်းခ(ခ)ရဲဘော်စိုင်းနောင်ကတော့ သက်တမ်းသုံးကြိမ်လုံးမှာ တက်ကြွစွာပါဝင်ခဲ့သူဖြစ်တယ်လို့ သက်ဆိုင်ရာတပ်ဖွဲ့အသီးသီးက ဖော်ပြထားကြပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်အုပ်စုဘက်ကတော့ ဆိတ်ဖြူမြို့နယ်၊ လက်ဆည်ကျေးရွာနယ်မြေခံရဲစခန်းကို PDFအဖွဲ့ကလာပစ်ခတ်တဲ့အတွက် ပြန်ပစ်ရာကနေ PDFအလောင်းတလောင်းနဲ့ သေနတ်နှစ်လက်ရခဲ့တယ်လို့ ဖော်ပြကြပါတယ်။







Comments