ဆိပ်ဖြူနဲ့ပေါက် နှစ်ရက်ဆက်ဗုံးကြဲခံရပြီး သေဆုံးထိခိုက်သူများ
- BVJ

- Aug 20
- 1 min read
BVJ/ဇော် - ဩဂုတ် ၂၀၊ ၂၀၂၅

မကွေးတိုင်း၊ ပခုက္ကူခရိုင်ရှိ ဆိပ်ဖြူမြို့နယ်နဲ့ပေါက်မြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုအကြိမ်ကြိမ်ပြုလုပ်ခဲ့တာကြောင့် သေဆုံးသူ (၉) ဦး ရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုကနေသိရပါတယ်။
မနေ့ ဩဂုတ်လ ၁၉ ရက်နေ့ မနက် ၁၁ ခွဲခန့်မှာ ဆိပ်ဖြူမြို့နယ်အတွင်းက ကျေးရွာ (၇) ရွာခန့်ကို လေကြာင်းတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူများခဲ့ပြီး နေအိမ်ပျက်စီးမှုတွေလည်းရှိခဲ့ပါတယ်။
“၁၈ ရက်နေ့နဲ့၁၉ရက်နေ့ ဆိပ်ဖြူမြို့နယ်နဲ့ပေါက်မြို့နယ်ကို လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၉)ဦးသေဆုံးပါတယ်။ အသက်အရွယ်တွေကတော့ သက်လတ်ပိုင်းတွေပါ။ ဩဂုတ် ၁၉ ရက် မနက် ၁၁ နာရီခွဲခန့်မှာ ဆိပ်ဖြူမြို့နယ် ပိုင်းရွာ၊ ဝန်ကြီး၊ ရှားလှ၊ ကျွန်းတာ၊ အိုင်ကြီးနဲ့ ကျွန်းချောင်းကျေးရွာတွေကို Y12 နဲ့ ကြဲချလို့ လူနေအိမ်တွေပျက်စီးပြီး သေဆုံးသူတွေများပါတယ်။ သေဆုံးသူတွေကတော့ တရွာတည်းသားတွေဖြစ်ပြီးတော့ တရက်တည်းအတွင်းကို လေကြောင်းတိုက်ခိုက်မှုအကြိမ် နှစ်ဆယ်ကျော် လုပ်ခဲ့ပါတယ်”လို့ အညာမြေတပ်ပေါင်းစု တာဝန်ရှိသူက Burma VJ ကိုပြောပါတယ်။

ဒါ့အပြင် ဩဂုတ်လ ၁၈ ရက်နေ့နဲ့ ၁၉ ရက်နေ့ ညပိုင်းတွေမှာလည်း ပေါက်မြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခဲ့တာဟာ နှစ်ရက်ဆက်တိုက်ရှိခဲ့ပြီလို့လည်း သိရပါတယ်။
“ဩဂုတ်လ ၁၈ ရက်နေ့မှာ ပေါက်မြို့နယ်ကို လေကြောင်းတိုက်ခိုက်ခံရမှုမှာ ပန်းတော်ကန်ရွာက အမျိုးသမီး (၁) ဦးသေဆုံးပြီး (၄) ဦးထိခိုက်ဒဏ်ရာရခဲ့တယ်။ ချက်ကန်ရွာကတော့ (၅) ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ညကလေကြောင်းတိုက်ခိုက်မှုမှာတော့ တောထဲဘက်တွေကျတာမို့လို့ သေတာထိခိုက်တာ မရှိခဲ့ပါဘူး။ အခုလက်ရှိကတော့ ငြိမ်နေပါတယ်။ ဒါပေမယ့် ခုရက်ထဲ လေယာဉ်တွေက ညနေဘက်တွေမှာကြဲတာဆိုတော့ စောင့်ကြည့်နေပါတယ်” လို့ အညာမြေတပ်ပေါင်းစုတာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းအကြိမ်ကြိမ်တိုက်ခိုက်နေတာကြောင့် ပေါက်မြို့နယ်နဲ့ ဆိပ်ဖြူမြို့နယ်အတွင်းက ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။
ပုံစာ-လေကြောင်းဗုံးကြဲခံရမှုအတွင်းထိခိုက်သေဆုံးခဲ့သူများ။







Comments