သံဇလုံဂိတ်တိုက်ပွဲအတွင်း ရေနံသာစစ်ကြောင်းမှူးကျဆုံး
- BVJ

- Oct 28
- 1 min read
BVJ/ဇော်-အောက်တိုဘာ ၂၈၊ ၂၀၂၅

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ သံဇလုံဂိတ်တိုက်ပွဲအတွင်းမှာ ရေနံသာစစ်ကြောင်းက စစ်ကြောင်းမှူး ရဲဘော်ဆိပ်ဖြူ (ခ) ဟိန်းမင်းသူကျဆုံးခဲ့ရတယ်လို့ တိုက်ပွဲအတွင်းပါဝင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကသိရပါတယ်။
မနေ့က အောက်တိုဘာ (၂၇) ရက်နေ့ မနက် ငါးနာရီခွဲမှာ ဆိပ်ဖြူမြို့နယ်၊ ဂွေးပင်ချောင်းကျေးရွာနဲ့ တောင်ငယ်လုံးကျေးရွာကြားမှာ စစ်ဆေးရေးဂိတ်ထိုင်နေတဲ့ စစ်ကောင်စီတပ်ကိုတိုက်ခိုက်ခဲ့တဲ့တိုက်ပွဲအတွင်းမှာ စစ်ကြောင်းမှူး ရဲဘော်ဆိပ်ဖြူကျဆုံးခဲ့တာဖြစ်ပါတယ်။
“ရဲဘော်ဟိန်းမင်းသူက ကျည်ထိဒဏ်ရာကြောင့် ကျဆုံးခဲ့ပါတယ်။ အခြားကျဆုံးတဲ့ ရဲဘော်တွေတော့မရှိပါဘူး။ စစ်ကြောင်းမှူးတစ်ယောက်ပဲ ကျဆုံးတာပါ။ ကျွန်တော်တို့ ဆိပ်ဖြူ-စလင်းလမ်းပိုင်း ဆိပ်ဖြူမြို့နဲ့အနီးဆုံး စစ်ဆေးရေးဂိတ်ကို ဝင်တိုက်ခဲ့တာပါ။ စစ်ဆေးရေးဂိတ်က အင်အားက နှစ်စိတ်စာဆိုတော့ ၁၅ ယောက်ရှိပါတယ်။ တခါတလေကျရင်တော့ ၁၂ ယောက်ရှိပါတယ်။ အဲ့ဒီဂိတ်က ဆိပ်ဖြူမြို့နဲ့ အနီးဆုံးမှာရှိတဲ့အတွက်ကြောင့် အလွယ်တကူစစ်ကူရောက်တာပါ။ စစ်ကူအမြန်ရောက်လာလို့ နောက်ဆုတ်ပေးလိုက်ရတဲ့အချိန်မှာ စစ်ကြောင်းမှူးကျဆုံးခဲ့တာပါ” လို့ ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်းက ရဲဘော်တစ်ဦးက Burma VJ ကိုပြောပါတယ်။
စစ်ကြောင်းမှူး ရဲဘော်ဆိပ်ဖြူရဲ့ရုပ်အလောင်းကိုလည်း ပြန်မကောက်နိုင်ခဲ့ဘူးလို့ သိရပါတယ်။

အသက် (၂၄) နှစ်အရွယ် ရဲဘော်ဆိပ်ဖြူကျဆုံးမှုကို ရေနံသာစစ်ကြောင်းက တပ်ကထုတ်ပယ်ကြောင်း အမိန့်စာကြေငြာပြီး အလေးနီပြုကြောင်းနဲ့ ကျန်ရှိနေတဲ့ရဲဘော်တွေက ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ကတိသစ္စာပြုထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က (၄) ဦးထက်မနည်းသေဆုံးကာ သေနတ် (၁) လက်နဲ့ ကျည်အချို့ သိမ်းဆည်းရမိခဲ့ပြီး တိုက်ခိုက်မှုကိုတော့ ပခုက္ကူခရိုင်၊ အမှတ် (၁၉) တပ်ရင်းနဲ့ Yenanthar Column (မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။







Comments