အာဆီယံဒေသဆိုင်ရာဒရုန်းဆွေးနွေးပွဲမှာ အာဏာသိမ်းစစ်အုပ်စုကိုတက်ရောက်ခွင့်ပိတ်ဖို့ တောင်းဆို

ယူဂရင်း/BVJ_စက်တင်ဘာ ၁၇၊ ၂၀၂၆

မြန်မာနိုင်ငံအတွင်း အရပ်သားတွေအပေါ် နိုင်ငံတကာရာဇဝတ်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်အုပ်စုကို အာဆီယံဒေသဆိုင်ရာဖိုရမ် (ARF)ရဲ့ မောင်းသူမဲ့လေယာဉ်စနစ် - ဒရုန်း (UAS) ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို မဖိတ်ဖို့နဲ့ပါဝင်မှုကိုပိတ်ပင်ဖို့ Justice For Myanmar-JFMကဒီနေ့ စက်တင်ဘာ ၁၇ရက်မှာတောင်းဆိုလိုက်ပါတယ်။
ဒရုန်းနည်းပညာကိုအသုံးပြုပြီး ထိန်းချုပ်မောင်းနှင်နေတဲ့ဒရုန်းတွေနဲ့ စာသင်ကျောင်းတွေနဲ့ဘာသာရေးဝတ်ပြုရာနေရာတွေအပါအဝင် အရပ်ဘက်အခြေခံအဆောက်အအုံတွေကို သေစေနိုင်တဲ့ပစ်မှတ်ထားတိုက်ခိုက်မှုတွေလုပ်နေတဲ့စစ်အုပ်စုကို ဒရုန်းဆွေးနွေးပွဲဖိတ်ဖို့တိုင်ပင်ဆွေးနွေးမှုတွေရှိနေတဲ့အပေါ် မှာ တက်ရောက်ခွင့်ပိတ်ပင်ဖို့ဆိုပြီး JFMကထုတ်ပြန်တာပါ။
Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “တရားမဝင် စစ်အုပ်စုက မြန်မာနိုင်ငံအတွင်း အရပ်သားများအပေါ် နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်ဖို့အတွက် ဒရုန်းနည်းပညာကိုအသုံးပြုနေချိန်မှာ သူတို့ကို ဒရုန်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ပါဝင်တက်ရောက်စေတာကတော့ စက်ဆုပ်ဖွယ်ရာဖြစ်ပါတယ်"လို့ ပြောပါတယ်။
အာဆီယံဒေသဆိုင်ရာဖိုရမ်ရဲ့မောင်းသူမဲ့လေယာဉ်စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို စစ်အုပ်စုကိုဖိတ်ကြားခြင်းဟာမရည်ရွယ်သော်လည်း နည်းပညာဆိုင်ရာ အသိပညာနဲ့အတွေ့အကြုံတွေစစ်အုပ်စုဆီကို စီးဆင်းရောက်ရှိသွားနိုင်တဲ့အန္တရာယ်ကြီးတစ်ရပ်ဖြစ်ပေါ်စေမယ်လို့လည်း JFMကထုတ်ပြန်ပါတယ်။
ကုလသမဂ္ဂအစီရင်ခံစာအရ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း အရပ်သားသေဆုံးမှုအဓိကအကြောင်းရင်းဟာ စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဖြစ်ပြီး အဲ့ဒီသေဆုံးမှုအတွင်းမှာ ကလေးသူငယ် ၂၃၂ ဦးအပါအဝင် အနည်းဆုံး လူ ၉၈၂ ဦးပါဝင်သေဆုံးခဲ့ကြောင်းနဲ့ အဲ့ဒီသေဆုံးမှုဟာ ၂၀၂၄ ခုနှစ်နဲ့နှိုင်းယှဉ်ရင် ၅၂ ရာခိုင်နှုန်းတိုးမြင့်လာတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အခုအာဆီယံဆိုင်ရာ ဒရုန်းအလုပ်ရုံဆွေးနွေးပွဲကို ဩစတြေးလျ၊ စင်ကာပူနဲ့အမေရိကန်ပြည်ထောင်စုတို့က ပူးတွဲဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သွားမှာဖြစ်ပြီး၊ အလုပ်ရုံဆွေးနွေးပွဲကို ARFရဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်ကနေ အခုနှစ် သို့မဟုတ် လာမယ့် ၂၀၂၇ခုနှစ်အတွင်းမှာကျင်းပဖို့စီစဉ်ထားတာဖြစ်ပါတယ်။
အာဏာသိမ်းစစ်အုပ်စုဟာ လက်လွှတ်ထားတဲ့ရတဲ့နယ်မြေတွေကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် ဒရုန်း၊တိုက်လေယာဉ်တွေအသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုတွေကိုလုပ်ဆောင်နေပြီး ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်တဲ့နေရာတွေဟာလည်း အရပ်သားပြည်သူအများဆုံးရှိတဲ့နေရာတွေ၊ စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေနဲ့တိုက်ပွဲမရှိတဲ့နေရာတွေဖြစ်ပါတယ်။



Comments