SCEFမှာ ဖက်ဒရယ်ယူနစ်တွေပါဝင်ရေး ဆွေးနွေးမှုတွေဆက်တိုက်ပြုလုပ်လာ
- BVJ

- May 15
- 1 min read
ယူဂရင်း/BVJ_မေ ၁၅၊ ၂၀၂၆

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)နဲ့မန္တလေးဒေသလွှတ်တော်၊ ကြားကာလအုပ်ချုပ်ရေးကောင်စီ(MIGC) တို့ဟာ မနေ့က မေလ (၁၄)ရက်နေ့မှာ အွန်လိုင်းကနေ ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့တယ်လို့ ဒီနေ့မှာသတင်းထုတ်ပြန်ပါတယ်။
မေလ ၁၃ရက်နေ့က စစ်ကိုင်း ဖက်ဒရယ်ယူနစ်လွှတ်တော်၊ အစိုးရနဲ့SCEFက ပထမဆုံးတွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်မှာ အခု မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီနဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ထပ်အသိပေးလာတာပါ။
တွေ့ဆုံဆွေးနွေးမှုတွေအတွင်းမှာ SCEFမှာ စစ်ကိုင်း၊မန္တလေး ဖက်ဒရယ်ယူနစ်တွေပါဝင်မှုကိုဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
SCEFကို “ပြည်နယ်/ဖက်ဒရယ်ယူနစ်/ERO အစုဖွဲ့”၊ “ပြည်သူ့ကိုယ်စားပြုအစုဖွဲ့” နဲ့ “အမျိုးသမီးကိုယ်စားပြုအစုဖွဲ့” ဆိုတဲ့မဏ္ဍိုင်သုံးခုနဲ့ ဖွဲ့စည်းတည်ထောင်ထားပြီး အဲ့ဒီထဲမှာမဏ္ဍိုင်တစ်ခုဖြစ်တဲ့ ပြည်နယ်/ ဖက်ဒရယ်ယူနစ်/ ERO ကိုယ်စားပြုမဏ္ဍိုင်အတွက် ဖက်ဒရယ်ယူနစ်တွေပါဝင်ရေး တွေ့ဆုံဆွေးနွေးမှုတွေတောက်လျောက်လုပ်လာတာဖြစ်ပါတယ်။
SCEFကို K3Cလို့ခေါ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်မျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ပူးပေါင်းဖွဲ့စည်းထားတာပါ။




Comments