စုဖွဲ့မှုအားကောင်းတဲ့ ဦးဆောင်ကောင်စီဖြစ်အောင် SCEFကိုထပ်တိုးချဲ့ဖို့ NUGယာယီသမ္မတပြော
- BVJ

- 1 day ago
- 1 min read
ယူဂရင်း/BVJ_ဇွန် ၁၊ ၂၀၂၆

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး ဦးဆောင်ကောင်စီ (SCEF)မှာ မပါဝင်သေးတဲ့ တိုင်းရင်းသားအဖွဲ့အစည်းကြီးတွေ၊ နိုင်ငံရေးပါတီတွေရှိနေသေးတဲ့အတွက် ပိုမိုစုဖွဲ့မှုအားကောင်းတဲ့ ဦးဆောင်ကောင်စီတခုဖြစ်အောင်ထပ်တိုးချဲ့ဖို့ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။
SCEFဟာတော်လှန်ရေးမဟာမိတ်အင်အားစုတွေကို ဦးဆောင်မှုထီးရိပ်တခုထဲအောက်မှာ ဝိုင်းဝန်းပုံဖော်ကြဖို့ရည်ရွယ်နေတာကြောင့် SCEFရဲ့ဦးဆောင်မှုကိုဝိုင်းဝန်းကူညီပေးကြဖို့ဆိုပြီး ဒီနေ့ ဇွန် ၁ရက်ကကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် ဒသမအကြိမ် အစည်းအဝေးမှာNUGယာယီသမ္မတ ဒူဝါလရှီးလပြောကြားတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောလိုက်တာပါ။
"အခုဆိုရင် SCEFမှာမပါဝင်နိုင်သေးတဲ့ တိုင်းရင်းသားအဖွဲ့အစည်းကြီးတွေအပါ နိုင်ငံရေးပါတီတွေလည်းရှိနေသေးတယ်လို့ပြောချင်ပါတယ်။အဲ့သည်အတွက် ပိုမိုစုဖွဲ့မှုအားကောင်းတဲ့ ဦးဆောင်ကောင်စီတခုဖြစ်အောင် ထပ်မံတိုးချဲ့ဖို့ဖြစ်ပါတယ်။အဲ့သည့်အတွက် ကျနော်တို့အားလုံးမှာ ညီညွတ်မှုနဲ့ ကြံ့ကြံ့ခိုင်နိုင်စွမ်းကအရေးကြီးပါတယ်။ ညီညွတ်မှုမရှိရင် ကျနော်တို့မှာ ကြံ့ကြံ့ခံနိုင်စွမ်းနိမ့်ပါးလာမယ်ဆိုတာ သတိချပ်ဖို့ဖြစ်ပါတယ်" လို့ ယာယီသမ္မတကပြောပါတယ်။
ဒါ့အပြင် အင်မတန်အကဲဆတ်၊အချိုးအကွေ့မြန်တဲ့ဒီလိုအချိန်မျိုးမှာ နိုင်ငံရေးအသိ၊သတိကို ဆုပ်ကိုင်ပြီး ပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ နွေဦးတော်လှန်ရေးအတွင်းမှာပေါ်ပေါက်လာတဲ့ စစ်ရေးရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အမိန့်ပေးကွပ်ကဲမှုတခုထဲအောက်မှာ စစ်ဒေသအလိုက်ဦးစီးကွပ်ကဲဖို့ကြိုးစားနေကြောင်းကိုလည်း ထည့်သွင်းပြောပါတယ်။
SCEFကို K3Cလို့ခေါ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်မျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ပူးပေါင်းဖွဲ့စည်းထားတာပါ။
လက်ရှိမှာ SCEFမှာဖက်ဒရယ်ယူနစ်တွေပါဝင်ရေးအတွက် ဆွေးနွေးမှုတွေပြုလုပ်နေပြီး ပြီးခဲ့တဲ့မေလအတွင်းမှာ စစ်ကိုင်း ဖက်ဒရယ်ယူနစ်လွှတ်တော်၊ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီ၊ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်၊ ကြားကာလအစိုးရတို့ဆွေးနွေးထားပြီးဖြစ်တယ်လို့ SCEFကသတင်းထုတ်ပြန်ထားပါတယ်။




Comments