တော်လှန်ရေးတဆင့်တက်ဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ဖွဲ့စည်း
- BVJ

- 4 days ago
- 1 min read
ယူဂရင်း/BVJ_မတ် ၃၁၊ ၂၀၂၆

ကရင်အမျိုးသားအစည်းအရုံး-KNU၊ ကချင်လွတ်လပ်ရေးအဖွဲ့-KIO၊ကရင်နီ အမျိုး
သားတိုးတက်ရေးပါတီ-KNPP၊ချင်းအမျိုးသားတပ်ဦး-CNF၊ အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ-CRPHစတဲ့ တော်လှန်ရေးအဖွဲ့တွေဦးဆောင်ပြီး "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီ” SCEF ကိုဖွဲ့စည်းလိုက်ပါတယ်။
တော်လှန်ရေးကို အရှိန်အဟုန်မြှင့်တင်ပြီး အမြန်ဆုံးအောင်ပွဲရယူရန်၊ လက်ရှိတော်လှန်ရေးကို တဆင့်တက်ပြီး အသွင်ကူးပြောင်းမှုကာလ အစီအမံတွေကိုအတည်ပြုပြီး အသွင်ကူးပြောင်းရေး အစိုးရတရပ်အောင်မြင်စွာဖွဲ့စည်းနိုင်ရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်စေရန်တို့အတွက် စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနဲ့အင်စတီကျူးရှင်းဆိုင်ရာ ကိစ္စရပ်တွေကို ညှိနှိုင်းဦးဆောင်လမ်းညွှန်အကောင်အထည်ဖော်ဆောင်နိုင်ရန်တို့အတွက် SCEFဖွဲ့စည်းလိုက်ကြောင်းကို မနေ့က မတ်လ ၃၀ရက်ညပိုင်းမှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေက တရားဝင်အသိပေးကြေညာခဲ့ပါတယ်။
SCEFကို ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြုမဏ္ဍိုင်၊ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင်နဲ့ အမျိုးသမီးကိုယ်စားပြု/ ကိုယ်စားလှယ်များ မဏ္ဍိုင်တို့ကိုအခြေခံပြီး ဖွဲ့စည်းလိုက်တာလို့သိရပါတယ်။
“ကျွန်ုပ်တို့၏မျှော်မှန်းချက်နှင့် မဟာဗျူဟာရည်မှန်းချက်မှာ စစ်အာဏာရှင်စနစ် အပါအဝင် မည်သည့် အာဏာရှင်စနစ်ကိုမဆို မဖြစ်မနေ အမြစ်ပြတ်ဖယ်ရှားပစ်ရန်ဖြစ်ပြီး ကျွန်ုပ်တို့၏ နိုင်ငံရေး ရည်မှန်းချက်များ၊ ရပ်တည်ချက်များကို လက်တွေ့ကျကျ၊ ထိရောက်အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်နိုင်မည့် နိုင်ငံရေးအခင်းအကျင်းအသစ်တခုကို စုစည်းညီညွတ်စွာ စတင် လိုက်ခြင်းဖြစ်ပါသည်။ ထို့အပြင် ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသော စုံလင် ကွဲပြားသည့် လူမျိုးများ၏ ကိုယ်ပိုင်လက္ခဏာများကို ကာကွယ်မြှင့်တင်ပေးပြီး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသည့် ပြည်နယ်များဖြင့် စုဖွဲ့ထားသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို ခိုင်မာကောင်းမွန်စွာ တည်ဆောက်သွားရန် ဖြစ်ပါသည်”လို့SCEFကြေညာချက်မှာ ပြောထားပါတယ်။
ရည်မှန်းချက်တွေအမြန်ဆုံးအောင်မြင်နိုင်စေဖို့ တော်လှန်ရေးအဖွဲ့အစည်းအသီးသီးရဲ့ စစ်ရေးနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို တရားဝင်မှု၊ ညီညွတ်မှုနဲ့ တာဝန်ယူ၊တာဝန်ခံမှုရှိတဲ့ ခေါင်းဆောင်မှုတို့နဲ့ ဦးဆောင်ညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။
ဒါ့အပြင် SCEFရဲ့ နိုင်ငံရေးဦးတည်ချက် (၆) ရပ်ချက်အဖြစ် (၁) စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အပြီးတိုင် အဆုံးသတ်ရန်၊ (၂) လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထား သည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်၊(၃) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှကို တိုက်ဖျက်ရန်၊(၄) သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းရန်၊(၅) ထွက်ပေါ်လာမည့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်ရန်၊(၆) ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်း ရေးကာလ တရားမျှတမှု ရရှိရေး လုပ်ငန်းစဉ်များကို ဖော်ဆောင်ရန် ဆိုပြီး ချမှတ်ခဲ့ပါတယ်။

NUG ယာယီသမ္မတ ဒူဝါလရှီးလက“ကျွန်တော်တို့ စုစည်းလိုက်တဲ့ “ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ” ဟာ၊ တော်လှန်ရေးအရ ပြတ်ပြတ်သားသားဖြစ်ရမယ်။ နိုင်ငံရေးအရ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ရမယ်…လို့ ခံယူပါတယ်။ ဒါ့အပြင် စစ်အရေးအရ ကျစ်လစ်သော မဟာမိတ်အင်အားစုကို အခြေခံပြီး၊ စနစ်ကျနတဲ့ ဖက်ဒရယ်တပ်မတော်ဆီကို ဦးတည်နေကြောင်း ပြောလိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ မဟာမိတ်စစ်ရေးအင်အားစုအချင်းချင်းအကြား အပြန်အလှန် ယုံကြည်မှုအပေါ်မှာ အခိုင်အမာ တည်ဆောက်ထားပါတယ်”လို့ SCEFဖွဲ့စည်းခြင်းအခမ်းအနားမှာ ပြည်သူကိုမိန့်ခွန်းပြောပါတယ်။
SCEFအနေနဲ့ လုပ်ငန်းစဉ်တွေဆောင်ရွက်ရာမှာလည်း အချုပ်အခြာအာဏာကို ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေအတွင်းနေထိုင်ကြတဲ့ ပြည်သူလူထုကပိုင်ဆိုင်ကြပြီး ဖက်ဒရယ်နဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေအကြား "မျှဝေသုံးစွဲသော အချုပ်အခြာအာဏာ (Shared Sovereignty)" မူကို ကိုင်စွဲမှာဖြစ်သလို နိုင်ငံရေးဆုံးဖြတ်ချက်တွေချမှတ်ရာမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေ (EROs)၊ ဒီမိုကရေစီတော်လှန်ရေးအင်အားစုတွေ၊ အမျိုးသမီးအစုအဖွဲ့တွေနဲ့ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ သဘောထားအမြင်တွေထင်ဟပ်ပါဝင်တဲ့ "စုပေါင်းခေါင်းဆောင်မှု (Collective Leadership)"နဲ့ ဖော်ဆောင်သွားမှာဖြစ်တယ်လို့ ဖော်ပြပါတယ်။
ကောင်စီဝင်အဖွဲ့အစည်းတွေအနေနဲ့လည်း မတူကွဲပြားမှုတွေအပေါ် အပြန်အလှန် လေးစားမှု၊ အပြန်အလှန် အသိအမှတ်ပြုမှုတို့ကိုအခြေခံကာ “မူဝါဒတရပ်တည်း၊ မဟာဗျူဟာတရပ်တည်း - one policy, one strategy” မူဝါဒကို ချမှတ်ကျင့်သုံးပြီး စစ်ရေး၊ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍတွေကို ဟန်ချက်ညီပူးတွဲဖော်ဆောင်ပြီး ပိုမိုကျယ်ပြန်တဲ့နိုင်ငံရေးကိုယ်စားပြုမှုဖြစ်အောင် မဟာမိတ် အင်အားစုတွေနဲ့ဆက်လက်ပူးပေါင်းညှိနှိုင်းကာ ရည်မှန်ချက်ပန်းတိုင်ရောက်အောင် လက်တွဲဆောင်ရွက်သွားမယ် ကြေညာပါတယ်။




Comments