ပုဏ္ဏားကျွန်းရှိ စစ်ဘေးရှောင်စခန်းတွေနှစ်ရက်ဆက်တိုက်ဗုံးကြဲခံရပြီး သေဆုံးသူ ၇ ဦးရှိ

မိုနာ/BVJ_အောက်တိုဘာ ၅၊ ၂၀၂၆

မနေ့ကညနေပိုင်းမှာ ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ် သရက်ချိုနဲ့ ယိုးငူရွာကြားမှာရှိတဲ့ ဗျာလစစ်ဘေးရှောင်စခန်းကို ဂျက်ဖိုက်တာနှစ်စီးနဲ့ဗုံးကြဲချခဲ့တဲ့ စစ်တပ်ဟာ ဒီနေ့ အောက်တိုဘာ ၅ရက်မနက်ပိုင်းမှာလည်း ပုဏ္ဏားကျွန်းမြို့နယ်က ပန်းနီလာ စစ်ဘေးရှောင်စခန်းအနီးတဝိုက်ကို ထပ်ပြီးဗုံးကြဲချခဲ့ပါတယ်။
အခုမနက် ပန်းနီလာနဲ့အောင်ဖြူပြင်ရွာကို ဂျက်ဖိုက်တာလေးစီးနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗုံးကြဲမှုအတွင်းမှာ အသက် ၅၄ နှစ်အရွယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကာ စစ်ဘေးရှောင်စခန်းက ၁၈ နှစ်အရွယ်အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ရခိုင်ဒေသတွင်းမီဒီယာတွေက ဖော်ပြကြပါတယ်။

မနေ့က ညနေပိုင်းမှာ ယိုးငူ၊ဗျာလစစ်ဘေးရှောင်စခန်းကိုဗုံးကြဲမှုအတွင်းမှာလည်း စစ်ဘေးရှောင် ၆ဦးပွဲချင်းပြီးသေဆုံးသွားကြောင်း အာရက္ခတပ်တော်-AAကသတင်းထုတ်ပြန်ထားပါတယ်။
စစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက ကျောက်တော်၊ပေါက်တော၊ ရသေ့တောင်၊ သံတွဲ၊ပုဏ္ဏားကျွန်းစတဲ့မြို့နယ်တွေကို အခုရက်ပိုင်းအတွင်းမှာ နေ့တိုင်းနီးပါးလေကြောင်းဗုံးကြဲတိုက်ခိုက်မှုပြုလုပ်နေတာကြောင့် အရပ်သားသေဆုံးသူ ၇၀ နီးပါးရှိနေပြီဖြစ်ပါတယ်။




Comments