top of page

“အိဆင်းပြိုကျနေသော မြန်မာ့စီးပွားရေး”

Writer: BVJ
BVJ
Oct 2
2 min read

Updated: Oct 2

လင်းယုန်နက်



သမ္မတတု မအလရဲ့ စီးပွားရေးမူဝါဒကို တစ်ကြောင်းတည်းပြောပါဆို “လူထုကိုစစ်ခင်းနှိမ်နင်းဖို့ တိုင်းပြည်အတွင်းဝင်လာသမျှ ဒေါ်လာငွေတွေသိမ်းကြုံးလက်ဝါးအုပ် ချုပ်ကိုင်ရေး”လို့သာပြောလိုက်ပါ။


သမ္မတတု မအလရဲ့ပြောစကားတို့ကိုနားထောင်ကြပါကုန်!  “ပြည်တွင်းထုတ်ကုန်တွေကိုကြိုးစားပမ်းစားမထုတ်၊  နိုင်ငံခြားသွင်းကုန်တွေကိုသာ တင်သွင်းအလွယ်လိုက်၊ လူငယ်တွေကတိုင်းပြည်အတွက် အလုပ်မလုပ်ချင် နိုင်ငံခြားကိုထွက်အချောင်လမ်းလိုက်၊ ပညာမတတ်အတွေးအခေါ်မဲ့တဲ့ လူငယ်တွေကအကြမ်း ဖက်အလုပ်တွေလုပ်နေကြ” စသဖြင့် စသဖြင့် တတိုင်းပြည်လုံးကိုအပြစ်တင်တဲ့ စကားတွေကိုပဲပြောနေတာပါ။  နေပါဦး! နေပါဦး! အာဏာသိမ်းပြီးလွှတ်တော်တုက ခန့်အပ်တယ်ဆိုပြီး သမ္မတတုလုပ်နေတဲ့ ပုဂ္ဂိုလ်မှာ ဘာတာဝန်မှမရှိဘူးလား။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နောက်ပိုင်း တိုင်းပြည်မှာ ဖြစ်ပျက်လာတဲ့ကိစ္စရပ်အားလုံးကိုအာဏာသိမ်းပြီး ကိုယ့်ဘာသာကိုယ်သမ္မတခန့်ထားတဲ့ “မအလ” မှာတာဝန်ရှိတယ်၊ တာဝန်ယူရမယ်ဆိုတာက ဦးနှောက်ပါတဲ့လူမှန်ရင် စဉ်းစားကြည့်စရာတောင်လိုတဲ့ကိစ္စမဟုတ်ပါဘူး။

 

အခုအချိန်မှာ တိုင်းပြည်အတွက်အန္တရာယ်အကြီးမားဆုံးပြဿနာက ပြည်သူသန်းပေါင်း (၅၀)ကျော် မှီခိုရှင်သန်နေရတဲ့တိုင်းပြည်စီးပွားရေးဟာ အတွင်းကနေလိုက်စားပြီးတအိအိပြိုကျနေတာပါ။ မအလစစ်အုပ်စုက ‘တရုတ်ကပဲ ရင်းနှီးမြှုပ်နှံသူတွေဝင်လာတော့မလို၊ ရုရှားကပဲ ထားဝယ်ရေနက်ဆိပ်ကမ်းလုပ်တော့မလိုလို၊ အိန္ဒိယကပဲ မြန်မာနိုင်ငံရဲ့ စီးပွားဘက်ဖြစ်တော့မလိုလို’ ပဉ္စလက်ပြဝါဒဖြန့်နေတာကို နားယောင်မိရင်တော့အမှားကြီးမှားပါလိမ့်မယ်။ နားယောင်မိမယ့်အထဲမှာ လက်တွေ့ စီးပွားရေးလုပ်နေကြတဲ့ ကြီး၊ လတ်၊ ငယ်တွေ မပါပါဘူး။ သူတို့က “သုမနကျောမှာ ဒဏ်ရာတွေနဲ့” ဆိုပြီး သူတို့အင်္ကျီတွေကိုလှန်ပြကြပါလိမ့်မယ်။ တိုင်းပြည်စီးပွားရေးကောင်းလာမလား ကောင်းလာမလားဆိုပြီး မျှော်လင့်နေကြရှာတဲ့ သာမန်ပြည်သူတွေကိုပဲ “ရွှေပြည်တော် မျှော်လေတိုင်းဝေးနေပြီ” ဆိုတာကိုလက်တို့ချင်တာပါ။

 

သမ္မတတု မအလရဲ့ စီးပွားရေးမူဝါဒကို တစ်ကြောင်းတည်းပြောပါဆို “လူထုကိုစစ်ခင်းနှိမ်နင်းဖို့ တိုင်းပြည်အတွင်းဝင်လာသမျှဒေါ်လာငွေတွေ သိမ်းကြုံးလက်ဝါးအုပ်ချုပ်ကိုင်ရေး” လို့သာပြောလိုက်ပါ။ သွေးထွက်အောင်မှန်တဲ့စကားပါ။ ပြည်ပပို့ကုန်ဝင်ငွေရဲ့ (၁၅) ရာခိုင်နှုန်းကိုပဲ အစိုးရသတ်မှတ်ဈေးနှုန်းနဲ့ သွင်း၊ကျန် (၈၅) ရာခိုင်နှုန်းကို ဈေးကွက်ပေါက်ဈေးနဲ့ရောင်း ဆိုတော့ အတော်’ဟုတ်’လာပြီလို့ ထင်စရာရှိပါတယ်။ လက်တွေ့ဖြစ်ရပ်ကတော့ “ထင်သာထင် မဝင်ဘူး ကျောင်းအစ်မ...ရေ” လို့ပဲပြောရမှာပါ။ တဖက်မှာ “စားသုံးဆီ၊ စက်သုံးဆီ၊ ဆေးဝါး” လို အရေးကြီးကုန်စည်တွေကလွဲရင် ကျန်ပစ္စည်းတွေအတွက်သွင်းကုန်လိုင်စင်ချမပေးသလို ကျန်တဖက်မှာလည်း ပြည်ပပို့ကုန်ဝင်ငွေကို (၄၅) ရက်အတွင်းမသုံးနိုင်ခဲ့ရင် အစိုးရတုဆီသူတို့သတ်မှတ်နှုန်းနဲ့ အပ်လိုက်ရမှာပါ။ တိတိကျကျပြောရရင် ပြည်ပပို့ကုန်ဝင်ငွေအားလုံးကို အစိုးရတုဆီထိုးအပ်လိုက်ရတာပါ။ ဒီအခြေအနေမှာ သမ္မတတုမအလက “ပြည်ပပို့ကုန်တိုးမြှင့်ကြ”ဆိုတဲ့လှုံ့ဆော်မှုက ဘယ်လိုလုပ်အသက်ဝင်မှာလဲ။





ဒီတော့ သွင်းကုန်လိုင်စင်ချမပေးတဲ့ရလဒ်ကိုကြည့်ရအောင်ပါ။ ပြည်တွင်းကုန်ကြမ်းသပ်သပ်ကိုပဲသုံးတဲ့ ပြည်တွင်းထုတ်ကုန်လုပ်ငန်းဆိုတာမရှိသလောက်ပါ။  ပြည်ပကနေတင်သွင်းရမယ့်ကုန်ကြမ်းတွေကို မတင်သွင်းနိုင်ခဲ့ရင် ပြည်တွင်းကုန်ထုတ်လုပ်ငန်းအများစုက လည်ပတ်နိုင်မှာမဟုတ်ပါဘူး။ လည်ပတ်နိုင်အောင် ပြည်တွင်းကုန်ကြမ်းကို မဖြစ်ဖြစ်အောင်သုံးခဲ့ရင်လည်း ထုတ်ကုန်ကအရည်အသွေးကျဆင်းပြီး သူ့ဖောက်သည်တွေကိုဆုံးရှုံးရမှာပါ။  သမ္မတတု မအလပြောပြောနေတဲ့ “အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေး” ဆိုတာ ရေပေါ်အရုပ်ရေးတာထက်မပိုနိုင်ပါဘူး။ လုပ်ငန်းတွေမကောင်းရင်  “အလုပ်သမား၊ ဝန်ထမ်းတွေကို လျှော့ချရမယ်၊ သိပ်ဆိုးလာခဲ့ရင်လုပ်ငန်းကိုရပ်ရမယ်။’ သမ္မတတု မအလရဲ့ပါးစပ်ကနေ “အလုပ်အကိုင်အခွင့်အလမ်းတိုးချဲ့ကြပါ” လို့ပြောရဲတာ “အံ့ပါရဲ့”လို့ပဲပြောချင်တယ်။

 

သွင်းကုန်လိုင်စင်ချမပေးတဲ့ကိစ္စဟာ ကုန်ထုတ်လုပ်ငန်းတွေကိုပဲထိခိုက်တာမဟုတ်ပါဘူး။ မွေးမြူရေး ကဏ္ဍကိုရော၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍကိုပါ ထိခိုက်နေတာပါ။ ပဲပိစပ်လို တိရစ္ဆာန်အစားအစာထုတ်ရာမှာ အရေးပါတဲ့ကုန်ကြမ်းတွေကိုတင်သွင်းခွင့်မရတော့ ကြက်ဥတစ်လုံး “၇၀၀” ဖြစ်တာဘာဆန်းသလဲ။ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာလည်း “ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ မျိုးစေ့”စတဲ့ လယ်ယာ သွင်းအားစုတွေကို သမ္မတမအလရဲ့ “ပြည်သူတွေကို ဗုံးကြဲဖို့ ဒေါ်လာတွေချုပ်ကိုင်ကြ” မူဝါဒအောက် မှာ မစို့မပို့သာ သွင်းခွင့်ရတော့ “လယ်ယာထွက်ကုန်တွေ ပြည်ပကို တိုးချဲ့တင်ပို့ကြ” ဆိုတဲ့ သမ္မတ တုမအလရဲ့ “ဟန်ပြသနပ်ခါးလိမ်းမူဝါဒ” က ရလဒ် ’သုည’ ပဲထွက်မှာကသေချာနေတဲ့ကိစ္စပါ။


 

ဒီလိုအခြေအနေမှာ သမ္မတတုမအလက နယ်စပ်ကနေပစ္စည်းတင်သွင်းတာကိုပိတ်ပင်ထားတော့ လူသုံးကုန်၊ စားသုံးကုန်ပစ္စည်းတွေက ပြတ်လပ်တာများလာသလို ရှားရှားပါးပါးရှိနေခဲ့ရင်လည်း မတရားစျေးကြီးနေတာပါ။ ဈေးကြီးမှာပေါ့။ တရားဝင်သာခွင့်မပြုတာ သူ့နည်းသူ့ဟန်ပိုင်ရာဆိုင်ရာနဲ့ သွင်းနိုင်တဲ့လမ်းကြောင်းတွေက ထုံးစံအတိုင်းရှိနေတာပါ။ တိရစ္ဆာန်အစားအစာသွင်းတဲ့ ပုဂ္ဂလိကလုပ် ငန်းရှင်တစ်ဦးက ပြောပြတယ်။ ဘာသွင်းကုန်လိုင်စင်မှ မလိုဘူး။ ရုံးဝင်းထဲကား ရောက်လာရင် သယ်ယူပို့ဆောင်ခ သက်သက်ကိုက ကားတစ်စီး သိန်း (၁၆၀၀)။ ပတ်သက်ရာပတ်သက်ကြောင်းနဲ့ ဒေါ်လာငါးသောင်းတန် သွင်းကုန်လိုင်စင်ရခဲ့ရင်လည်းလိုင်စင်ကြေးက သိန်း (၅၀၀)ကနေ သိန်း (၁၅၀၀)အထိ ပစ္စည်းအမျိုးအစားအပေါ် မူတည်ပြီးပေါက်စျေးရှိတယ်။ ဒီလို မလိုအပ်တဲ့ကုန်ကျစားရိတ်တွေကို စားသုံးသူပြည်သူတွေကကျောကော့အောင် ပေးကြရတာပေါ့။ ပြည်တွင်းထုတ်ကုန်တွေရဲ့ အခြေအနေကလည်း သိပ်မထူးပါဘူး။ ဟိုဂိတ် ဒီဂိတ်တွေမှာပေးကြရတယ်လေ။ ကြက်သွန်နီ တစ်ပိဿာ ကျပ်တစ်သောင်းနှစ်ထောင်။

 

တလွဲတချော်လုပ်တဲ့နေရာမှာ ပါရဂူဘွဲ့ပေးရမယ့်သမ္မတတု ဒေါက်တာမအလက အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ငွေထုတ်ချေးဖို့ ဘဏ်တွေကို ဖိအားပေးတယ်။ ဘဏ်တွေကလည်း အစိုးရတုက ဖိအားပေးတော့ ဘယ်ငြင်းနိုင်မလဲ။ ခိုင်မာတယ်။ မခိုင်မာဘူးတွေ စိစစ်မနေနိုင်တော့ဘူး။ ထုတ်ချေးပေါ့။ ဖြစ်နေတဲ့ပုံက “ကြွေးတင်ဘုရင်ဆပ်” ကိန်းမျိုးပဲ။ ဒါပေမဲ့ ပြဿနာတက်လာရင် အစိုးရတုကခေါင်းရှောင်မှာ သေချာတယ်။ နောက်ဆုံးတော့ ဘဏ်တွေမှာငွေအပ်ထားတဲ့ပြည်သူတွေပဲ ခံရမှာပေါ့။


 

ဒီကြားထဲ စစ်မှုထမ်းသင်တန်းသားသစ်တွေရဖို့ လူမိုက်ဂိုဏ်းတွေသုံး လမ်းပေါ်မှာ ပြန်ပေးဆွဲ၊ အိမ်ပေါ်အထိတက်ဖမ်း၊  မြို့ကြီးတွေမကျန်ဖြစ်နေတော့ အရွယ်ရှိတဲ့ယောက်ျားမှန်ရင် စိတ်ဖြောင့်ဖြောင့်အလုပ်လုပ်လို့ မရတော့ဘူး။ အိမ်မှာကျန်ခဲ့တဲ့မိသားစုကလည်း “ငါ့ယောက်ျား၊ ငါ့သား၊ ငါ့ညီ၊ ငါ့မောင်၊ ငါ့အစ်ကို” အိမ်ပြန်ရောက်လာပါ့မလားဆိုပြီး စိုးတထိတ်ထိတ်နေကြရတာပါ။ ဒီလိုအခြေအနေမှာ အလုပ်သမား၊ဝန်ထမ်း “ရှား” တာ အံ့ဩစရာမရှိပါဘူး။


သွင်းကုန်လိုင်စင်ထုတ်မပေးလို့ သံချောင်း၊ဘိလပ်မြေစတဲ့ ဆောက်လုပ်ရေးသုံးပစ္စည်းတွေရဲ့ စျေးခေါင်ခိုက်နေလို့ ကြိုပွိုင့်ဝယ်ထားတဲ့ပြည်သူတွေနဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေ၊ အိမ်ရာစီမံကိန်း ဖော်ဆောင်တဲ့ ကုမ္ပဏီတွေကြား “မတန်တဆတက်လာတဲ့ ကုန်ကျစရိတ်ဘယ်သူတာဝန်ခံမလဲ” ဆိုတဲ့ကိစ္စကအဖြေမရှိဘူး လို့ပဲပြောရမှာပါ။ ဒီလိုကျဉ်းထဲကြပ်ထဲမှာ ဆောက်လုပ်ရေးလုပ်သားရှာဖို့က မလွယ်၊ ရပြန်တော့လည်း မကျွမ်းကျင်၊ လုပ်ငန်းအတွေ့အကြုံရှိတဲ့ သူတွေကလည်း နိုင်ငံခြားထွက်၊ ထွက်မှာပေါ့ ဒီမှာရတဲ့လုပ်ခလစာက စားဖို့တောင်မလုံလောက်တာ။

 

မအလစစ်အုပ်စုက နိုင်ငံတကာအလယ်မှာ “ပုဆိုးစွန်တောင်ဆွဲပြီး မိုက်တဲ့ကောင်ထွက်ခဲ့ဟေ့” ဆိုတဲ့  လူမိုက်ဇာတ်လမ်း ကပြနေတော့ နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO) ကလည်း အရေးယူ၊  ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (FATF) ကလည်း အရေးယူဖို့လုပ်နေ၊ ဖိနှိပ် နှိပ်စက်တဲ့ အာဏာရှင်အစိုးရဆိုတဲ့ ဘွဲ့ထူးဂုဏ်ထူးကလည်း ရှိနေတော့ တရုတ်လို မအလအစိုးရတုရဲ့ အရင်းနှီးဆုံးဆိုတဲ့ အစိုးရကတောင်  မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံဖို့ အန္တရာယ်များတဲ့ နိုင်ငံစာရင်းထဲ ထည့်ထားတာပါ။ ဒီတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လာဖို့ဆိုတာ တံလျပ်ကို ရေထင်နေတဲ့ကိစ္စပါ။

 

ချုပ်ပြောရရင် တိုင်းပြည်ရဲ့စီးပွားရေးဟာတအိအိနဲ့ပြိုဆင်းနေပါပြီ။ သမ္မတတုမအလရဲ့ အတွေးအခေါ်၊ အရည်အချင်းနဲ့ ဆိုတော့ ထွက်ပေါက်မရှိတော့ပါဘူး။ တိုင်းပြည်ရဲ့စီးပွားရေးဟာ တနေ့ထက်တနေ့ပိုဆိုးလာမှာပါ။ ပြည်သူလူထုရဲ့နေ့စဉ်စားဝတ်နေရေးဟာ အကြပ်အတည်းကနေရုန်းထွက်နိုင်တဲ့နည်းလမ်းက တစ်လမ်းပဲရှိပါတယ်။ မအလစစ်အုပ်စုပြုတ်ကျရေးပါပဲ။ ပြည်သူတရပ်လုံးအနေနဲ့ မအလစစ်အုပ်စုနိဂုံးချုပ်ရေးအတွက် အခွင့်အရေးရရင်ရသလို ရတဲ့နည်းလမ်းနဲ့ဆောင်ရွက်ရမယ့်အချိန်ရောက်နေပါပြီ။ ။    

 


 

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page