အမေရိကန်နိုင်ငံသား ဆရာတော်ဦးပညာဇောတ အင်းစိန်ထောင်ကပြန်လွတ်လာ
- BVJ

- Oct 31
- 1 min read
အေတီ/BVJ_အောက်တိုဘာ ၃၀၊ ၂၀၂၅

မြန်မာပြည်မှာဖမ်းဆီးထောင်ချခံထားရတဲ့ အမေရိကန်နိုင်ငံသား ဆရာတော်ဦးပညာဇောတကို အာဏာသိမ်းစစ်အုပ်စုက ဒီနေ့နေ့လယ်မှာအင်းစိန်ထောင်က ပြန်လွှတ်ပေးလိုက်ပြီလို့ ဆရာတော်နဲ့နီးစပ်တဲ့ ရန်ကုန်မြို့ကနိုင်ငံရေးအကျဥ်းသားဟောင်းတွေက BVJကိုအတည်ပြုပါတယ်။
အာဏာသိမ်းစစ်အုပ်စုက ၂၀၂၄ခုနှစ် နိုဝင်ဘာ၁၃ရက်နေ့မှာ ဆရာတော်ဦးပညာဇောတကို ရန်ကုန်မြို့မှာဖမ်းဆီးခဲ့ပြီး၊ ၅၀ညပုဒ်မနဲ့ ထောင် ၁၁ နှစ်၊ ၅၀၅ကနဲ့ ထောင် ၃ နှစ်၊ လဝကအမှုနဲ့ ထောင် ၁ နှစ်၊ စုစုပေါင်းထောင်ဒဏ် ၁၅ နှစ်ချခံခဲ့ရပါတယ်။
ရွှေဝါရောင်ဆရာတော်ဦးပညာဇောတကို နတ်ဇောလို့လူသိများပြီး မင်္ဂလာဒုံမြို့နယ်ထဲက ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းရဲ့ သိမ်အဆောက်အဦးပန္နက်တင်ပွဲအခမ်းအနားတက်ရောက်ဖို့လာရင်း ရန်ကုန်မြို့ မှာအဖမ်းခံခဲ့ရပါတယ်။
ဆရာတော်ဦးပညာဇောတဟာ ၁၉၉ဝပတ္ထနိက္ကုဇ္ဇနကံဆောင်ခြင်း သပိတ်ကံဆောင်ပွဲမှာတစ်ကြိမ်၊ ၁၉၉၈ခုနှစ်မှာ တစ်ကြိမ် နိုင်ငံရေးလှုပ်ရှားမှုနဲ့ ထောင်ဒဏ်နှစ်ရှည် နှစ်ကြိမ်ချခံခဲ့ရဖူးတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်ဖြစ်ပါတယ်။ ၂ဝဝ၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ ဦးဆောင်ဆရာတော်နတ်ဇောအဖြစ် ပါဝင်လှုပ်ရှားခဲ့ပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စုမှာ အခြေချသီတင်းသုံးနေထိုင်နေပါတယ်။







Comments