ချင်းမိုင်၊မြန်မာကောင်စစ်ဝန်ရုံးရှေ့မှာ ထိုင်းတွေဆန္ဒပြ
- BVJ

- 4 days ago
- 1 min read
ယူဂရင်း/BVJ_သြဂုတ် ၃၊ ၂၀၂၆

မြန်မာဘက်ခြမ်းက မြေရှားအပါအဝင်သတ္တုတူးဖော်မှုတွေကြောင့် ထိုင်းနိုင်ငံဆီစီးဆင်းတဲ့ မြစ်ချောင်းတွေညစ်ညမ်းလာတာနဲ့ပတ်သက်ပြီး ဒီနေ့သြဂုတ်လ ၃ရက်မနက်ပိုင်းမှာ ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးရှေ့မှာ နမ့်ခုတ်၊ နမ့်ဆိုင်၊ နမ့်ရွတ်နဲ့မဲခေါင်မြစ်ကာကွယ်ရေး ပြည်သူ့ကွန်ရက်အဖွဲ့က ဆန္ဒပြခဲ့ကြပါတယ်။
ဒီဆန္ဒပြမှုဟာ မြေရှားသတ္ထုနဲ့ အခြားသောတူးဖော်မှုတွေကြောင့် မြစ်ချောင်း၊ ရေနေသတ္တဝါတွေ၊ မြေဆီလွှာတွေနဲ့ ဒေသခံနေထိုင်သူလူထုအပေါ် ပြင်းထန်တဲ့အကျိုးသက်ရောက်မှုများစွာရှိနေကြောင်း ဆန္ဒထုတ်ဖော်လှုပ်ရှားကြတာဖြစ်တယ်လို့ ဆန္ဒပြဦးဆောင်တဲ့အဖွဲ့ Save the Kok Riverအဖွဲ့က ဒီနေ့မနက်မှာထုတ်ပြန်ထားပါတယ်။

ဆန္ဒပြမှုအတွင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ဆီလိပ်မူထားတဲ့ အိတ်ဖွင့်ပေးစာတစ်စောင်ကိုလည်း မြန်မာကောင်စစ်ဝန်ရုံးဆီမှာပေးခဲ့ကြပြီး အဲ့ဒီစာဟာ မြန်မာဖက်ခြမ်းကမြေရှားအပါအဝင် သတ္တုတူးဖော်မှုတွေကြောင့် ထိုင်းနိုင်ငံထဲစီးဆင်းနေတဲ့မြစ်ချောင်းတွေမှာ ဓာတုအညစ်အကြေးတွေရောပါလာတဲ့ပြဿနာကို အမြန်ဆုံးထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းပေးဖို့ဆိုပြီးရေးသားထားတာလို့ သိရပါတယ်။
အခုဆန္ဒပြမှုမှာ နမ့်ခုတ်၊ နမ့်ဆိုင်၊ နမ့်ရွတ်နဲ့မဲခေါင်မြစ်ကာကွယ်ရေး ပြည်သူ့ကွန်ရက်အဖွဲ့ဝင်တွေအပါအဝင် ပညာရှင်တွေ၊လူမှုအဖွဲ့အစည်းကိုယ်စားလှယ်တွေနဲ့တက်ကြွလှုပ်ရှားသူတွေပါဝင်ပြီး ဆန္ဒပြသူတွေဟာ နမ့်ခုတ်မြစ်ထဲက ဓာတ်သတ္တုညစ်နွမ်းမှုတွေရောပါနေတဲ့ ညိုညစ်ညစ်ရေတွေကိုလည်း ဘူးတွေထဲခပ်ယူထည့်ပြီးပြသခဲ့ကြပါတယ်။

မြစ်ထဲ ဓါတ်သတ္ထုနဲ့ရေညစ်ညမ်းမှုကြုံတွေ့နေရတာကြောင့် ဒေသခံတွေအနေနဲ့ စိုက်ပျိုးမွေးမြူရေးမှာ အခက်အခဲကြုံတွေ့နေရပြီး ထိုင်းကျန်းမာရေးဝန်ကြီးဌာနကလည်း ရေညစ်ညမ်းမှုဖြစ်နေမြစ်တွေထဲကဖမ်းဆီးထားတဲ့ ပုစွန်၊ ခရု၊ကဏန်းတွေကိုမစားသုံးဖို့နဲ့ ငါးတွေကိုလည်း ကလီစာတွေကိုသေချာဖယ်ရှားရှင်းလင်းပြီးမှသာ စားသုံးဖို့ကိုထုတ်ပြန်ထားပါတယ်။
ဒီဆန္ဒပြမှုအတွင်း ပူးပေါင်းပါဝင်တဲ့ မြန်မာတွေရဲ့သွေးစည်းညီညွတ်မှုကို ဆန္ဒပြဦးဆောင်အဖွဲ့အနေနဲ့လေးစားတန်းဖိုးထားကြောင်းနဲ့ မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတွေအနေနဲ့ဖမ်းဆီးထိန်းသိမ်းခံရပါက နေရပ်ပြန်ပို့ခံရခြင်း၊ နိုင်ငံကူးလက်မှတ်ရုတ်သိမ်းခံရခြင်းတို့လည်း ကြုံတွေ့ရနိုင်တာကြောင့် လုံခြုံရေးသတိရှိကြဖို့ကို ဆန္ဒပြပွဲမတိုင်ခင်မှာ အရေးကြီးကြေညာချက်အဖြစ် အဖွဲ့ကအသိပေးထုတ်ပြန်ခဲ့ပါသေးတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ သမ္မတဦးမင်းအောင်လှိုင်ဟာ အခုလာမယ့် သြဂုတ် ၆ရက်နဲ့၇ရက်မှာထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကိုလာဖို့ရှိပြီး ဒါဟာသူလာမယ့်ရက်ပိုင်းအလိုမှာ ဆန္ဒပြခံရတာလည်းဖြစ်ပါတယ်။
ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးရှေ့မှာ ၂၀၂၆၊ သြဂုတ် ၃ရက်ကဆန္ဒပြနေပုံ(ဓါတ်ပုံ-Save the Kok River)



Comments