ရန်ကုန်လူထုလှုပ်ရှားမှုတွေကို ဦးဆောင်နေသူနှစ်ဦး ဖမ်းဆီးခံထားရ
- BVJ

- Oct 3
- 1 min read
ယူဂရင်း/BVJ_အောက်တိုဘာ ၃၊ ၂၀၂၅

ရန်ကုန်မြို့ လူထုလှုပ်ရှားမှုသပိတ်တွေမှာ ဦးဆောင်ပါဝင်နေသူနှစ်ဦးဖြစ်တဲ့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက ရဲဘော်နှစ်ဦးဖမ်းဆီးခံထားရတယ်လို့ အဖွဲ့က မနေ့က အောက်တိုဘာ ၂ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
စမ်းချောင်းပင်မသပိတ်စစ်ကြောင်းအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဟိန်းနိုင်ဇော် (ခ) အိုမီနဲ့ သိမ့်သီရိဝေ (ခ) မမြရင်တို့ဟာ အခုနှစ် ဇွန်လ ၃ရက်မှာမြေပြင်ကိစ္စသွားလာရင်း အဆက်အသွယ်ပြတ်တောက်သွားခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ဖမ်းဆီးခံလိုက်ရတာလို့ သိရပါတယ်။
“စမ်းချောင်းပင်မသပိတ်စစ်ကြောင်း၏ အဖွဲ့ဝင်(၂)ဦးသည် ရန်ကုန်မြို့ အကြမ်းမဖက် လူထုလှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်နေသူများဖြစ်ကြပြီး အကြမ်းဖက်စစ်ကောင်စီမှ ဖမ်းဆီးခံရပြီးနောက် စစ်တပ်၏ စစ်ကြောရေးငရဲခန်းဖြတ်သန်းမှုများနှင့် လူအခွင့်အရေးချိုးဖောက်ခံရမှုများကို ရင်ဆိုင်ခဲ့ရသည်။ လက်ရှိတွင် သပိတ်ရဲဘော်နှစ်ဦးအား အကြမ်းဖက် စစ်တပ်မှ မတရားဥပဒေဖြင့် အကျဉ်းထောင်တွင် ဖမ်းစီးအကျဉ်းချထားကြောင်း သိရသည်”လို့ စမ်းချောင်းသပိတ်ပင်မစစ်ကြောင်း ဥက္ကဌကိုပီတာက ပြောထားပါတယ်။
ကျန်ရဲဘော်တွေရဲ့လုံခြုံရေးအခြေအနေတွေကြောင့် ဖမ်းဆီးခံရတဲ့အခြေအနေအကြောင်းအရာတွေကို ချက်ချင်းသတင်းထုတ်ပြန်ဖို့အခွင့်မသာခဲ့ကြောင်းနဲ့ ရဲဘော်ကိုအိုမီနဲ့မမြရင်တို့ဆုံးရှုံးမှုကို ထပ်လောင်းကြိုးပမ်းကာ ကျန်ရှိနေတဲ့ရဲဘော်တွေက စည်းစည်းလုံးလုံးနဲ့ တော်လှန်ရေးအောင်မြင်တဲ့အထိ အခုထက်ပိုပြီး လူထုနဲ့အတူကြိုးပမ်းသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။







Comments