ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင် အမျိုးသမီး ၉ ဦးကိုဖမ်းဆီးသတ်ဖြတ်မှုနဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၂၈နဲ့ ပကဖ၊ပအဖတို့ တိုင်ကြားခံရ
- BVJ
- Sep 18
- 2 min read
မိုနာ/BVJ_ စက်တင်ဘာ ၁၈၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်အတွင်းက ဆားခါးကျေးရွာမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသမီး (၉)ဦး ဖမ်းဆီးသတ်ဖြတ်ခံရမှုကို ဖော်ထုတ်အရေးယူပေးဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနကို တိုင်ကြားထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် ဇူလိုင် ၂ရက်နေ့ ညရှစ်နာရီအချိန်မှာ ဆားလင်းကြီးမြို့အရှေ့တောင်ဘက် နှစ်မိုင်ခန့်အကွာ ဆားခါးကျေးရွာက ပကဖ၊ ပအဖတွေဖြစ်တဲ့ ဦးဇော်လင်းနဲ့ဦးမောင်ချိုတို့ဦးဆောင်ပြီး တရွာလုံးကိုမီးမှိတ်ခိုင်းကာ ယင်းမာပင်ခရိုပ်တပ်ရင်း-၂၈က လက်နက်ကိုင်ရဲဘော်တွေနဲ့အတူ အိမ်တွေထဲဝင်ပြီး အမျိုးသမီး (၉)ဦးကိုဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်လိုက်တဲ့အတွက် ပါဝင်သူတွေကို အရေးယူပေးဖို့ဆိုပြီး တိုင်ကြားထားတာပါ။
“ဆားလင်းစက်ရုံက အလုပ်သမားတွေပါ။ CDMမလုပ်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ သတ်လိုက်တယ်လို့ ကြားပါတယ်”လို့ မခင်ယွန်းကပြောပါတယ်။
ဖမ်းဆီးပြီးအသတ်ခံလိုက်ရသူတွေဟာ မချစ်ချစ်ဝင်း(၄၅)နှစ်၊ မယဉ်ယဉ်ခိုင် (၃၇)နှစ်၊ မခိုင်ယဉ်မွန် (၃၅)နှစ်၊ မဇာဇာဝင်းစိုး (၄၅)နှစ်၊ မသလ္လာ (၃၇)နှစ်၊ မမိုးမြင့်သူ (၃၃)နှစ်၊ ဒေါ်စန်းလွင် (၆၀)နှစ်၊ ဒေါ်မော် (၄၉)နှစ်နဲ့ မသန္တာဝင်း (၃၆)နှစ်တို့ဖြစ်ပါတယ်။
သူတို့တွေဟာ ဆားလင်းကြီး တပ်မတော်ချည်မျှင်နဲ့အထည်စက်ရုံက ယက္ကန်းမောင်းတဲ့ဝန်ထမ်းတွေဖြစ်ပြီး မယဉ်ယဉ်ခိုင်ကတော့ ကြီးကြပ်ရာထူးနဲ့ မဇာဇာဝင်းက စုမှူးရာထူးတို့ကို တာဝန်ယူထားတယ်လို့ သိရပါတယ်။
အဲ့ဒီ ၉ဦးထဲမှာ မယဉ်ယဉ်ခိုင်ဟာ ဖမ်းဆီးခံသွားရချိန်မှာ ကိုယ်ဝန်လေးလရှိနေပြီး မယဉ်ယဉ်ခိုင်၊ မခိုင်ယဉ်မွန်တို့က ညီအမအရင်းတွေဖြစ်သလို မဇာဇာဝင်းစိုးနဲ့က ညီမတဝမ်းကွဲတွေဖြစ်ကြပါတယ်။
သူတို့အားလုံးကို ဖမ်းဆီးပြီးသုံးရက်ခန့်မှာ (၇)ဦးကိုသတ်ဖြတ်ပြီး နောက်ထပ် နှစ်ရက်ခန့်မှာ ကျန်တဲ့နှစ်ဦးကိုသတ်လိုက်တယ်လို့ မျက်မြင်ကပြောပေမယ့် သူတို့သေဆုံးတာကို မိသားစုဝင်တွေက အခု ၂၀၂၅၊ စက်တင်ဘာလမှာမှသိရှိရတာဖြစ်တယ်လို့ မခင်ယွန်းကပြောပါတယ်။
“တရွာလုံးကိုမီးမှိတ်ခိုင်းပြီး ည၈နာရီလောက်မှာဝင်ဖမ်းတာ။ အစကဘာသတင်းမှမကြားရသေးဘူး။ နီးစပ်ရာကိုစုံစမ်းရင်းနဲ့ မျက်မြင်အမျိုးသမီးတယောက်ရဲ့ ပြောပြချက်အရသိရတာ။ ဓါးနဲ့အပိုင်းပိုင်းလှီးဖြတ်ပြီး တချို့ကိုလည်းလည်ပင်းဖြတ်ထားတယ်လို့ ပြောတယ်။ လိုက်စုံစမ်းရင်းနဲ့ တောင်ကြားရွာဘက်ဖမ်းတယ်လို့ကြားရတယ်။ သက်သေကအစက ဖွင့်မပြောရဲတာပါ။ အခုမှဖွင့်ပြောတာပါ”လို့ အမှုနဲ့ပတ်သက်ပြီးလိုက်ပါကူညီနေသူ မခင်ယွန်းက ပြောပါတယ်။
ယင်းမာပင်ဒေသခံရဲဘော်တစ်ဦးကလည်း”မိသားစုဝင်တွေက အသက်ရှိနေသေးတယ်ပဲထင်ကြတာပါ။ တခြားနယ်ကိုပို့လိုက်တယ်လို့ပြောပြီးလိမ်ထားတော့ အဟုတ်ထင်နေကြပြီး တနေ့ပြန်လာလိမ့်မယ်ထင်နေကြလို့ မတိုင်ကြတာပါ။ အခုမှ မျက်မြင်သက်သေတယောက်က မရှိတော့ဘူး၊ အကုန်သတ်လိုက်ပြီဆိုတော့မှတိုင်လိုက်တာပါ”လို့ ပြောပါတယ်။
မျက်မြင်ရဲ့ပြောဆိုချက်အရ သတ်ဖြတ်ပြီးနောက်ကျင်းတူးပြီး သေဆုံးသူတွေကိုမြေမြုပ်လိုက်တယ်လို့ လည်းဆိုပါတယ်။
ပုလဲဒေသကကာကွယ်ရေးရဲဘော်တစ်ဦးကတော့ “အဲ့ဒီကိစ္စကိုတော့ ကျနော်မကြားသေးဘူး။ တကယ်လို့ဟုတ်ခဲ့သည်ဆိုရင်တောင်မှ ဒီအမျိုးသမီး ၉ဦးက တပြိုင်ထဲသတ်ခံရတာမျိုးတော့မဟုတ်ဘူး။ ကျနော့သုံးသပ်ချက်အရပြောရရင် ကျနော်တို့တော်လှန်ရေးအင်အားစုအခေါ်အရပြောရရင် ဒါစစ်ကောင်စီ သတင်းပေးပေါ့။ ၂၀၂၃ကာလ ဒါတွေရှင်းလင်းမှုတွေဘာတွေ ဒီဘက်ကအင်တိုက်အားတိုက်လုပ်ကြတဲ့ အချိန်ဖြစ်တာကိုး။ အဲ့အချိန်မှာတယောက်စ နှစ်ယောက်စအသတ်ခံရတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ၉ဦးစလုံး ပြိုင်ဆိုတာတော့ ကျနော်မကြားခဲ့ဘူး”လို့ ပြောပါတယ်။
တိုင်ကြားချက်ထဲမှာ ဒီအမျိုးသမီး ၉ဦးကို မတရားဖမ်းဆီး အစုလိုက်အပြုံလိုက် ရက်စက်စွာသတ်ဖြတ်ခဲ့တဲ့ ယင်းမာပင်ခရိုင် တပ်ရင်း-၂၈ ဓါးမဆိုင်းတပ်မတော်နဲ့ ဆားခါးကျေးရွာ ပကဖ၊ ပအဖတို့ကို ဖော်ထုတ်အရေးယူပေးဖို့နဲ့ထိရောက်စွာအရေးယူပေးဖို့ တိုင်ကြားထားတာပါ။
NUG ကာကွယ်ရေးဝန်ကြီးဌာနကိုမတိုင်ကြားခင်မှာ ဘဂ်ါးရွာမှာရှိတဲ့ ဘဂ်ါးတရားရုံးကိုတိုင်ကြားခဲ့ပေမယ့် အထက်ကိုအမှုတွဲတင်ပေးမယ်ဆိုပြီး ဘာသတင်းမှထပ်မကြားရတာကြောင့် ကာကွယ်ရေးဝန်ကြီးဌာနကို အခုလ ၁၂ရက်မှာ ထပ်မံတိုင်ကြားရတာဖြစ်တယ်လို့ သိရပါတယ်။
ဒီတိုင်ကြားမှုနဲ့ပတ်သက်ပြီး ယင်းမာပင်ခရိုင် တပ်ရင်း-၂၈ ဓါးမဆိုင်းတပ်မတော်ရဲ့ တပ်ရင်းမှူး ဗိုလ်စွမ်းကို Burma VJက ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ တိုင်ကြားထားတာကိုသိရှိကြောင်း ပြောပါတယ်။
“ကမ္ဘာကလက်မခံတဲ့ ဟိုးလေးတကျော်ကျော် ကျော်သွားတဲ့မူးယစ်ကိစ္စကို ဖမ်းဆီးထိန်းသိမ်းလိုက်ကတည်းက အချင်းချင်းလိုက်တိုက်ခိုက်တော့မယ်ဆိုတာ သိပြီးသားပါ”လို့ ဗိုလ်စွမ်းက ပြောပါတယ်။
ဒါပေမယ့် အဲ့ဒီကိစ္စအပါအဝင် အမျိုးသမီး ၉ဦး သတ်ခံရတာနဲ့ပတ်သက်ပြီး ရှင်းလင်းအောင်ထပ်မေးမြန်းမှုကိုတော့ ပြန်လည်ဖြေဆိုတာမျိုးမရှိတော့ပါဘူး။
ဆားလင်းကြီးမြို့နယ်အခြေစိုက် ဓါးမဆိုင်းတပ်မတော်ဟာ ၂၀၂၃ခုနှစ်၊ ဇူလိုင် ၁၁ရက်မှာ ကြေညာချက်တခုထုတ်ပြန်ခဲ့ပြီး အဲ့ဒီထဲမှာ ဆားလင်းကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ထောက်တိုင်ဖြစ်တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဝမ်ပေါင်ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်နေသူတွေကို အကြိမ်ကြိမ်အခါခါ CDMပြုလုပ်ဖို့ကြေညာပြီးဖြစ်သလို အခုအခါမှာအလုပ်ပြန်ဆင်းနေတာကို ကြားသိရတာကြောင့် ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်-၂၈ ဓါးမဆိုင်းတပ်မတော်က ထိရောက်စွာ အရေးယူသွားမယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် ဘယ်အဖွဲ့အစည်းကဘယ်လိုပင်ထောက်ခံထောက်ခံ ကျွနုပ်တို့ဘက်က လုံးဝ(လုံးဝ)လက်ခံမှာ မဟုတ်ကြောင်း သတိပေးကြေညာချက်ထုတ်ပြန်တယ်လို့လည်း ဓါးမဆိုင်းတပ်မတော် ဗိုလ်စွမ်း နာမည်နဲ့ ထုတ်ပြန်ခဲ့ပါတယ်။
အမျိုးသမီး ၉ဦး သေဆုံးမှုအတွက်ကူညီဆောင်ရွက်ပေးနေသူ ဒေသခံ မခင်ယွန်းကတော့” ရွာထဲကိုဝင်လာတော့ မီးမှိတ်ခိုင်းထားတဲ့အတွက် မမြင်ရဘူးရှင့်။ အပြင်လူထွက်မကြည့်ရ၊ ထွက်ကြည့်သူ သေနတ်နဲ့ပစ်သတ်မယ်ပြောတဲ့အတွက် ဘယ်သူမှထွက်မကြည့်တာပါ။ ဦးမောင်ချိုက အပြင်မထွက်ဖို့ရာ မိုက်နဲ့ဟစ်တာရှင့်။ ဦးဇော်လင်းက မိုက်နဲ့ဦးမောင်ချိုကိုဟစ်ခိုင်းတာ။တောင်ဘက်နယ်ကိုဖမ်းသွားတဲ့အတွက် ဓါးမဆိုင်းလို့ပြောရတာပါ။ သူတို့နယ်လို့ပြောရမှာပါ။ ဓားမဆိုင်းက တောင်ကြားရွာမှာအခြေစိုက်တဲ့အတွက် နောက်ထပ်လည်းဓါးမဆိုင်းကလွဲပြီး အခြားအဖွဲ့မရှိတဲ့အတွက်မို့ ဒီလိုပြောရတာပါ”လို့ ၂၀၂၃ ဇူလိုင် ၂ရက်နေ့က ဖမ်းခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြောပါတယ်။
ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရပြီး သေဆုံးသွားတဲ့အမျိုးသမီးတွေထဲမှာ မယဉ်ယဉ်ခိုင်မှာ အသက် ၁၂အရွယ် သမီးတစ်ဦး၊ မဇာဇာဝင်းစိုးမှာ သမီးနှစ်ဦး၊ ဒေါ်မော်မှာ သားသမီးသုံးယောက်တို့ရှိပြီး ကျန်တဲ့သူတွေကတော့ အပျိုတွေဖြစ်တယ်လို့ သိရပါတယ်။
ဒီအမျိုးသမီး ၉ဦး ဖြစ်စဉ်နဲ့ပတ်သက်ပြီး NUGပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်နဲ့ Press officeကို Burma VJက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာမရှိသေးပါဘူး။



