CDF-ဟားခါးတပ်ဖွဲ့ကဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေ သယ်ယူမှုမှာအဓိကတာဝန်ရှိသူတစ်ဦး ကိုယ်တိုင်လာရောက်အဖမ်းခံ
- BVJ

- Jul 15
- 1 min read
နောက်ထပ် တာဝန်ရှိတဲ့သူတစ်ဦး လွတ်မြောက်နေဆဲ
အေတီ/BVJ_ ဇူလိုင်၁၃၊၂၀၂၅

Chinland Defense Force – Hakha(CDF-ဟားခါး)က ဖမ်းမိတဲ့ မူးယစ်ဆေးဝါးသယ်ယူမှုမှာ အဓိကတာဝန်ရှိတဲ့သူတစ်ဦးဖြစ်တဲ့ ကျော်မင်းဇော်(ခ)ပုတီး လာရောက်အဖမ်းခံကြောင်း မနေ့က ဇူလိုင်၁၂ရက်မှာ Salingyi Special Task Force ဆားလင်းကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ကျော်မင်းဇော်(ခ)ပုတီး ကိုယ်တိုင်လာရောက်အဖမ်းခံခဲ့ပေမယ့် သူနဲ့အတူထွက်ပြေးတိမ်းရှောင်သွားတဲ့ မူးယစ်ဆေးဝါးသယ်ယူမှုမှာ နောက်ထပ်တာဝန်ရှိ ကိုဇော်လတ် အမည်ရင်း(ဝင်းမော်) ဆိုသူကတော့ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ပါတယ်။
မူးယစ်ဆေးဝါးသယ်ယူမှု တာဝန်ခံတစ်ဦးဖြစ်တဲ့ ကိုဝင်းမော်(ခ)ကိုဇော်လတ်ဟာ ယင်းမာပင်ခရိုင် အမှတ်၁၅တပ်ရင်းမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တစ်ဦးဖြစ်ပါတယ်။ကိုဝင်းမော်ကို တပ်ရင်း တာဝန်နဲ့ခရီးသွားဖို့ စေလွှတ်လိုက်ကြောင်း ယင်းမာပင်ခရိုင် အမှတ်၁၅တပ်ရင်းမှူး ကိုဖိုးသောင်းလက်မှတ်နဲ့အတူ ဇူလိုင်၁၀ရက်နေ့က ထုတ်ပြန်ထားပါတယ်။
မူးယစ်ဆေးဝါးသယ်ယူမှု အဓိကတာဝန်ရှိတဲ့သူတွေဖြစ်တဲ့ ကျော်မင်းဇော်(ခ)ဖိုးလုံးအား စစ်ဆေးနေတဲ့ကိစ္စ အပြင် တိမ်းရှောင်နေတဲ့ ကိုဝင်းမော်(ခ)ကိုဇော်လတ်တို့အကြောင်းမေးမြန်းဖို့ ယင်းမာပင်ခရိုင် အမှတ်၁၅ တပ်ရင်းမှူး ကိုဖိုးသောင်းကို Burma VJ က ဆက်သွယ်မေးမြန်းထားပေမယ့် တစုံတရာ အကြောင်းပြန်ကြားမှု မရရှိသေးပါဘူး။
ယင်းမာပင်ခရိုင် အမှတ်(၁၅) တပ်ရင်းမှူးလက်မှတ်နဲ့ ထောက်ခံစာကို အလွဲသုံးစားလုပ်ပြီး မူးယစ်ဆေးဝါးသယ်ယူတဲ့ပြစ်မှုကို စစ်ဆေးစုံစမ်းမှုတွေ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ဆေးမှုတွေကို ကျေနပ်စွာခံယူပြီး လွတ်မြောက်နေသူနှစ်ဦးကိုလည်း လိုက်လံဖမ်းဆီးကာ MODထံသို့ အပ်နှံပေးမည်ဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇူလိုင်၁၀ရက်နေ့က ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်အမှတ်(၁၅)တပ်ရင်းမှူး ထောက်ခံစာနဲ့သယ်ယူလာတဲ့ စိတ်ကြွဆေးပြား ၃သန်းခန့်၊ No.4ခေါ် ဘိန်းဖြူ ၁၁၀ ကီလိုဂရမ်ခန့်၊ မောင်းပြန်သေနတ်(၂)လက်၊ mini starlink(၂)ခုတို့နဲ့အတူ တော်လှန်ရေး ရဲဘော်(၃)ဦး၊ ယာဥ်မောင်း(၁)ဦးနဲ့ စပယ်ယာ(၁)ဦးတို့ကို ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ Chinland Defense Force – Hakha(CDF-ဟားခါး)က ဇူလိုင် ၁၀ရက် မနက်ပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
ဇူလိုင်၈ရက်နေ့က ဟားခါးမြို့နယ်ထဲမှာ အထက်ပါမူးယစ်ဆေးဝါးတွေဖမ်းမိခဲ့တဲ့အချိန်မှာ သယ်ယူပို့ဆောင်ရေး တာဝန်ခံနှစ်ဦးဖြစ်တဲ့ မောင်ဇော်လတ် (အမည်ရင်း ဦးဝင်းမော်)နဲ့ တပ်ခွဲမှူးကိုပုတီး (အမည်ရင်း ဦးကျော်မင်းဇော်)တို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း CDF-ဟားခါးရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ပုံစာ(၁) - ဆားလင်း ကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံ ဇူလိုင်၁၂ရက်နေ့က လာရောက်အဖမ်းခံတဲ့ မူးယစ်ဆေးဝါးသယ်ယူမှု တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကျော်မင်းဇော်(ခ)ပုတီး
ပုံစာ(၂)-ဇူလိုင်၈ရက်နေ့က ချင်းပြည်နယ် ဟားခါးမြို့မှာ CDF-ဟားခါးအဖွဲ့ကဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေကို သယ်ဆောင်လာတဲ့အဖွဲ့နဲ့ အတူတွေ့ရစဥ်







Comments