တိုက်နယ်ဆေးရုံကိုဗုံးကြဲမှုအတွင်း CDMဆရာဝန်နဲ့မြေးအဖိုးနှစ်ဦး သေဆုံး
- BVJ

- Jan 5
- 1 min read
မိုနာ/BVJ_ဇန်နဝါရီ ၅၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အနောက်ဘက်ခြမ်းကို စစ်အုပ်စုက စက်တပ်လေထီး(ဂျိုင်ရိုကော်ပတာ)နဲ့ ဗုံးကြဲခဲ့တာကြောင့် ဆရာဝန်တစ်ဦးအပါအဝင် သေဆုံးသူတွေရှိခဲ့တယ်လို့ ဒေသခံဆီကသိရပါတယ်။
မတောင့်တရွာမှာရှိတဲ့ တိုက်နယ်ဆေးရုံကို မနေ့က ဇန်နဝါရီ ၄ရက် နေ့လယ် ၁း၃၀အချိန်မှာလာကြဲသွားတာဖြစ်တယ်လို့ ဒေသခံက Burma VJကိုပြောပါတယ်။
“အသက် ၄၀အရွယ်ဆရာဝန်တစ်ယောက်ကတော့ ပွဲချင်းပြီးဆုံးသွားတယ်။ နောက်ထပ် ၈နှစ်ကလေးတစ်ယောက်နဲ့ နောက်ထပ်နှစ်ယောက်လည်း ဒဏ်ရာရသွားတယ်။ အဲ့ဒီမှာ ကလေးနဲ့အမျိုးသားတစ်ဦး(အဖိုး)လည်း ဆုံးသွားတယ်လို့လည်းကြားတယ်”

ဆေးရုံကိုဗုံးကြဲမှုကြောင့်သေဆုံးသွားသူတွေဟာ ဆရာဝန်နဲ့ထမင်းချက်မြေးအဖိုးနှစ်ယောက်တို့ဖြစ်ပြီး အဖွားဖြစ်သူလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။သေဆုံးသွားတဲ့ ဆရာဝန်အမျိုးသားဟာ CDMလုပ်ထားတဲ့ဆရာဝန်တစ်ယောက်ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒေသတွင်းတိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ တိုက်နယ်ဆေးရုံကို ဂျိုင်ရိုကော်ပတာသုံးစီးနဲ့ဗုံးလာကြဲခဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။
ဓါတ်ပုံ-ဗုံးကြဲပြီးနောက်မြင်တွေ့ရပုံ(ဓါတ်ပုံ-PVTV)




Comments