ဒီပဲယင်း၊စိုင်ပြင်ရဲစခန်းကိုသိမ်းယူပြီးနောက် စစ်ဘေးရှောင်ပြည်သူတွေပြန်လည်နေထိုင်နိုင်ပြီလို့ အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာန ကြေညာ
- BVJ

- 8 hours ago
- 1 min read
ယူဂရင်း/BVJ_မေ ၁၉၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြိုနယ်က မုံရွာ-ရေဦး အဝေးပြေးလမ်းမကြီးဘေးမှာရှိတဲ့ စိုင်ပြင်မြို့ နယ်မြေရဲစခန်းကိုနှစ်ရက်ကြာတိုက်ခိုက်သိမ်းယူခဲ့တယ်လို ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF၊ အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာနက မနေ့က မေ ၁၈ရက်ညပိုင်းမှာသတင်းထုတ်ပြန်ပါတယ်။
စစ်အုပ်စုဟာ အမှတ် ၁ ရွှေဘိုခရိုင်စစ်ဆင်ရေးနယ်မြေအတွင်းက သူတို့စခန်းတွေကို လူ၊လက်နက်၊ဒရုန်းအင်အားတွေဖြည့်တင်းဝင်ရောက်လာတာကြောင့် Operation OTT စစ်ဆင်ရေးအဖြစ် အခု မေလ ၁၅ရက်မှာစတင်ပြီး ၁၆ရက်နေ့မနက် ၉း၁၀မိနစ်အချိန်မှာ အပြီးသတ်သိမ်းယူနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စစ်ဆင်ရေးအတွင်းမှာ အမှတ် ၁ ရွှေဘိုခရိုင်ကွပ်ကဲမှုအောက်က စစ်သည်အင်အား ၆၀ဦးခန့်သုံးခဲ့ပြီး စစ်အုပ်စုဘက်က ၁၁ဦးကျဆုံးခဲ့ကြောင်းနဲ့ လက်နက်ခဲယမ်းတွေလည်းရခဲ့တယ်လို့ဖော်ပြပါတယ်။
ဒါ့အပြင် စစ်အုပ်စုတပ်စခန်းတွေကိုအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီး တပ်စခန်းအဆောက်အဦးတွေကိုရှင်းလင်းဖျက်ဆီးပြီးဖြစ်တာကြောင့် စစ်ဘေးရှောင်ပြည်သူလူထုအနေနဲ့ မိမိတို့နေအိမ်တွေဆီပြန်လည်ဝင်ရောက်နေထိုင်နိုင်ပြီဖြစ်တယ်လို့လည်း ဒီနေ့မေလ ၁၉ရက်မနက်မှာ အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာနကထပ်ပြီးထုတ်ပြန်လာပါတယ်။
ပြန်လည်ဝင်ရောက်နေထိုင်သူတွေအနေနဲ့လည်း တပ်စခန်းအတွင်းနဲ့ပတ်ဝန်းကျင် နင်းမိုင်း၊ တိုက်မိုင်းတွေကျန်ရှိနေနိုင်တာကြောင့် ဝင်ရောက်ခြင်းမပြုဖို့၊ ဗုံးသီး၊ခဲယမ်းတွေနဲ့ စစ်လက်နက်ပစ္စည်းတွေတွေ့ရင်အကြောင်းကြားဖို့၊ လေကြောင်းတိုက်ခိုက်မှုအပါအဝင် လုံခြုံရေးသတိနဲ့နေထိုင်ကြဖို့ စတာတွေကို သတိပေးထားကြသေးတယ်။
အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာနက"ကျွန်ုပ်တို့ စစ်သည်ရဲဘော်များသည် တိုက်ပွဲကာလအတွင်း ရန်သူ၏ လေကြောင်းတိုက်ခိုက်မှုကိုရှောင်ရှားနိုင်ရန် နေအိမ်အချို့အတွင်းသို့ ဝင်ရောက်နေထိုင်ခြင်းများရှိခဲ့ပြီး ရိက္ခာနှင့်အသုံးအဆောင်အချို့ ယူငင်သုံးဆောင်ခဲ့ခြင်းများရှိခဲ့သဖြင့် မိဘပြည်သူများအနေနှင့်စာနာနားလည်ပေးနိုင်ပါရန်နှင့် အဆိုပါ ကုန်ကျစရိတ်များကို မိမိတို့ အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနမှ ပြန်လည်တာဝန်ယူပေးသွားမည် ဖြစ်ပါကြောင်းကိုလည်း လေးစားစွာ မေတ္တာရပ်ခံ အသိပေးအပ်ပါသည်"လို့ ပြောထားပါတယ်။
ရွှေဘိုခရိုင်စစ်ဌာနအနေနဲ့ အခုစစ်ဆင်ရေးမစခင်မှာ စစ်ဆင်ရေးနယ်မြေအတွင်းဝင်ရောက်မှုနဲ့ အများပြည်သူသုံးစတားလင့်ခ်အင်တာနက်တွေ ယာယီပိတ်သိမ်းထားကြဖို့ဆိုပြီး မေ ၁၄ရက်မှာ သတိပေးစာထုတ်ပြန်ခဲ့သလို စစ်အုပ်စုစစ်ကြောင်းနဲ့စစ်ဆင်ရေးကြောင့် ဒေသခံတွေလည်းစစ်ဘေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။
အခုစစ်ဆင်ရေးဟာ ၂၀၂၅၊မေလ ၁၂ ရက်နေ့က ဒီပဲယင်းမြို့နယ် အိုးထိန်းကွင်းရွာ စာသင်ကျောင်းဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်ရပ်နဲ့ ပြည်သူတွေကိုတိုက်ခိုက်နေတဲ့စစ်အုပ်စုကို စစ်ဆင်ရေးဖော်ဆောင်တာလို့လည်း ဒေသတွင်းတပ်ဖွဲ့တွေဆီကသိရပါတယ်။



Comments