top of page

ကဗျာဆရာ၊စာရေးဆရာကို ပျူစောထီးဆိုပြီးမှားယွင်းသတ်ဖြတ်ခဲ့တဲ့အပေါ် ZEROပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် တောင်းပန်

  • Writer: BVJ
    BVJ
  • Sep 22
  • 1 min read

Updated: Sep 23

  • အပြစ်ပေးအရေးယူမှုခံယူမယ်ဟုဆို


မိုနာ/BVJ_ စက်တင်ဘာ ၂၂၊ ၂၀၂၅

ဦးမြင့်ဆန်းမိသားစုဝင်တွေနဲ့ ကိုသက်ကြီးတွေ့ဆုံနေပုံ(ဓါတ်ပုံ-ကိုသက်ကြီး facebook)
ဦးမြင့်ဆန်းမိသားစုဝင်တွေနဲ့ ကိုသက်ကြီးတွေ့ဆုံနေပုံ(ဓါတ်ပုံ-ကိုသက်ကြီး facebook)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် မလဲသာရွာနေ ကဗျာဆရာ၊စာရေးဆရာ ဦးမြင့်ဆန်းကို ပျူစောထီးခေါင်းဆောင်လို့ စွပ်စွဲသတ်ဖြတ်ခဲ့တဲ့အပေါ် တောင်းပန်ကြောင်းနဲ့ ထိုက်သင့်တဲ့အပြစ်ပေးအရေးယူမှုခံယူမယ်လို့ ZERO ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက သူ့ရဲ့လူမှုကွန်ရက်Facebookကနေ ဒီနေ့ စက်တင်ဘာ ၂၂ရက် နေ့လယ်မှာ ဝန်ခံအသိပေးရေးသားလာပါတယ်။


အသက် ၆၅နှစ်အရွယ်ဦးမြင့်ဆန်းဟာ စစ်တပ်ရန်ကြောင့် မလဲသာရွာကနေတိမ်းရှောင်နေရင်း ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၃ရက်မှာ မြင်းမူမြို့နယ် ပဒက်ထိုင်းကျေးရွာအနီးမှာအသတ်ခံလိုက်ရတာဖြစ်ပါတယ်။


"စစ်ကိုင်းနယ်မြေအတွင်း အင်အားဖြည့်ရှင်းလင်းရေးအကူဆောင်ရွက်ရင်း စာရေးဆရာ/ကဗျာဆရာကြီးတစ်ဦးအားမှားယွင်းစွာကျူးလွန်ခဲ့ပါတယ် (အကျယ်တဝံ့ရှင်းမပြတော့ပါဘူး၊ နယ်မြေခံတွေအားလုံးသိထားတဲ့ဖြစ်စဉ်တစ်ခုမို့ပါ။ ကျနော်ကဓါးခုတ်ရာလက်လျှိုဖြစ်ခဲ့ရခြင်းပါ။ နယ်မြေခံရဲ့ဆုံးဖြတ်ချက်နှင့် ပါဝင်လုပ်ဆောင်ခဲ့သောဖြစ်စဉ်ပါ။ ဘယ်သူဘယ်ဝါ ကျနော့်ညီတွေမသိခဲ့ပါဘူး)။ သေချာစီစစ်ပြီး - နစ်နာခဲ့သောမိသားစုဝင်များအား နယ်မြေတာဝန်ခံ/ရပ်မိရပ်ဘများနှင့်အတူ တောင်းပန်ခြင်း ဝမ်းနည်းစကားပြောကြားရင်း၊အားပေးနှစ်သိမ့်ရင်း ---ခုဖြစ်စဉ်အတွက်နောင်တချိန်တိုင်းပြည်အေးချမ်းတဲ့ကာလမှာ တရားစွဲဆိုမည်ဆိုလည်း ကျနော့်အဖွဲ့အတွက်တာဝန်ယူပြီး ထိုက်သင့်တဲ့အပြစ်ပေးအရေးယူမှုခံယူနိုင်တဲ့အကြောင်း ၎င်းဖြစ်စဉ်အားတာဝန်ခံ၊တာဝန်ယူခဲ့ပါတယ်"လို့ ကိုသက်ကြီးက ရေးထားပါတယ်။


ဦးမြင့်ဆန်းဟာ ပျူစောထီးခေါင်းဆောင်ဖြစ်ပြီး ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စစ်ကောင်စီအဖွဲ့ကိုရွာကိုလမ်းပြခေါ်ဆောင်ခဲ့တာကြောင့် အဲ့ဒီစစ်ကောင်စီအဖွဲ့ကဒေသခံတွေကို ခြိမ်းခြောက်ရိုက်နှက်၊ပစ္စည်းလုယက်ခဲ့တဲ့အတွက် ဦးမြင့်ဆန်းကို Zero ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)ကရှင်းလင်းသတ်ဖြတ်လိုက်ကြောင်းကို အညာဒေသတွင်းဖြစ်ရပ်တွေကို အဓိကဖော်ပြခဲ့တဲ့ "ထနောင်းမြေ"ဆိုတဲ့လူမှုကွန်ရက်စာမျက်နှာကနေ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၃ရက်ကထုတ်ပြန်ခဲ့ပါတယ်။


ဒါပေမယ့် ဦးမြင့်ဆန်းဟာရပ်ရေးရွာရေးနဲ့ပရဟိတလုပ်ငန်းဦးဆောင်ပါဝင်သူဖြစ်ပြီး နွေဦးတော်လှန်ရေးမတိုင်ခင်ကတည်းက ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးအတွက် အရပ်ဘက်အဖွဲ့အစည်းတွေမှာ တက်ကြွစွာ လှုပ်ရှားသူလို့ အများကလက်ခံယုံကြည်ထားတာကြောင့် ဦးမြင့်ဆန်းကို ပျူစောထီးခေါင်းဆောင်လို့ စွပ်စွဲသတ်ဖြတ်ခဲ့တဲ့အပေါ်မှာ ကျူးလွန်သူအဖွဲ့အစည်းကဖြေရှင်းချက်ပေးဖို့ကို စစ်ကိုင်းတိုင်းအတွင်းရှိ အဖွဲ့အစည်း ၁၆ ဖွဲ့က ၂၀၂၂၊ဖေဖော်ဝါရီ ၄ရက်က ထုတ်ပြန်တောင်းဆိုခဲ့ကြပါသေးတယ်။

ပုံစာ-မှားယွင်းသတ်ခံလိုက်ရတဲ့ ဦးမြင့်ဆန်း။
ပုံစာ-မှားယွင်းသတ်ခံလိုက်ရတဲ့ ဦးမြင့်ဆန်း။

ZEROပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက "တောင်းပန်မှုအတွက်မိသားစုလည်းလိုက်လှဲစွာကြိုဆိုခဲ့ပါတယ်။ MOD ရဲ့အထက်တာဝန်ရှိသူကိုလည်းထိုဖြစ်စဉ်တင်ပြပေးခဲ့ပါတယ် (မှားရင် မှားတဲ့အကြောင်း ခုလိုလက်နက်ကိုင်အဖွဲ့အနေနဲ့တောင်းပန်မှုှုာ သတ္တိတစ်ခုလိုကျနော်ယူဆပါတယ်)။ ကျန်ရစ်သူမိသားစုဟာ ခုချိန်မိတ်ဆွေရင်းပမာဆက်ဆံရေးရှိနေခဲ့ပါတယ်။ကျေးဇူးလည်းတင်ရှိရပါတယ်"လို့ ပြောထားပါတယ်။


ဒါအပြင် "ယခုတင်ထားတဲ့ပို့စ်ထဲကဖြစ်စဉ်ဟာ ကြာခဲ့သလိုသင်ခန်းစာအတွက် တင်ပြဝန်ခံခြင်းပါ။ အမှားယွင်းနည်းအောင်ဆောင်ရွက်ခဲ့သော်လည်း_ကျနော်ဈေးဝယ်သွားချိန် ကျနော့်ညီငယ်ရဲဘော်ကိုခေါ်သွားပြီး

ဖြစ်ခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် ကျနော်ကခေါင်းဆောင်မို့ကျနော့်တာဝန်ပါ။ နယ်မြေသစ်မှာ နယ်မြေခံကိုအားကိုးနေရတဲ့အချိန်မို့ နောက်တော်ပါအဓိကတရားခံဖြစ်ခဲ့ရတာပါ _ လေမဟုတ်ပါဘူး တာဝန်ယူရဲပါတယ်။ ခုလိုဖြစ်စဉ်မျိုးတွေ မသိဟန်ဆောင်နေတာတွေလည်းမြေပြင်မှာများစွာပါ"လို့ ကိုသက်ကြီးက ရေးထားပါတယ်။


စစ်ကိုင်းတိုင်းကအဖွဲ့အစည်း ၁၆ဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပျူစောထီးခေါင်းဆောင်လို့ထင်ရှားခိုင်မာတဲ့ သက်သေအချက်အလက်တွေကို ထုတ်ပြပေးဖို့၊ သက်သေမခိုင်လုံဘဲ မှားယွင်းသတ်ဖြတ်မိတာဆိုရင် ဦးမြင့်ဆန်းရဲ့ကျန်ရစ်သူမိသားစုကိုကျေနပ်တဲ့ထိဝန်ချတောင်းပန်ဖို့နဲ့ မှားယွင်းသတ်ဖြတ်ခဲ့တာဖြစ်ခဲ့ရင် ကျူးလွန်ရာမှာပါဝင်ခဲ့တဲ့ လူပုဂ္ဂိုလ်/အဖွဲ့အစည်းတွေကို မှတ်တမ်းထားရှိပြီး ပြည်သူ့အာဏာတည်သောနေ့မှာ တရားဥပဒေအဆုံးအဖြတ်ကို ကျေနပ်စွာလက်ခံရန်ဝန်ခံကတိပြုပေးဖို့ဆိုပြီး အချက်သုံးချက် တောင်းဆိုထားတာပါ။


ZEROပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးရဲ့ အခုလူမှုကွန်ရက်ပေါ်က ဝန်ခံတောင်းပန်စာနဲ့ပတ်သက်ပြီး သေချာသိရှိရဖို့အတွက် ကိုသက်ကြီးကို Burma VJက ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။




Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page