စစ်ကိုင်း၊တလိုင်းရွာဗုံးကြဲခံရပြီး ကလေးငယ်သုံးဦးနဲ့အမျိုးသမီးတွေအပါ ၈ ဦးသေဆုံး
- BVJ

- Jun 29
- 1 min read
ယူဂရင်း/BVJ_ဇွန် ၂၉၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် တလိုင်းရွာကို စစ်တပ်က မနေ့က ဇွန်လ ၂၈ ရက်နေ့လယ်ပိုင်းမှာ လေယာဉ်နဲ့ဗုံးကြဲခဲ့တာကြောင့် ကလေးငယ် ၃ ဦးအပါအဝင် အရပ်သား ၈ ဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းအဖွဲ့တွေဆီကသိရပါတယ်။
နေ့လယ်နှစ်နာရီကျော်အချိန်မှာ ဂျက်ဖိုက်တာနဲ့သုံးကြိမ်တိုင်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၆နှစ်နဲ့ ၁၄နှစ်ရှိ မဂျူးဂျုးနဲ့မောင်ဟန်လင်းထက်တို့မောင်နှမ၊ အသက် ၄၀အရွယ် ဒေါ်သန်းသန်းစိုးနဲ့ ၈နှစ်သားတစ်ဦးနဲ့ ၅ နှစ်သမီးတစ်ဦး၊ အသက် ၂၀ အရွယ် မောင်နိုးနိုး၊ အသက် ၅၀ခန့် ဒေါ်သင်း ၊ အသက် ၅၂ခန့် ဒေါ်ဝင်းတို့ သေဆုံးခဲ့တယ်လို့ စစ်ကိုင်းဒေသတွင်းအခြေအနေတွေကိုဖော်ပြနေတဲ့ Wetlet Informational Networkကဖော်ပြပါတယ်။
ဒါ့အပြင် နောက်ထပ်ထိခိုက်ဒဏ်ရာရသူ ၂၀ ထက်မနည်းရှိပြီး နေအိမ် ၅ လုံးလည်းပျက်ဆီးခဲ့တယ်လို့သိရပါတယ်။
ဒေသတွင်းတိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်အုပ်စုကအကြောင်းမဲ့သပ်သပ် ပြည်သူတွေနေထိုင်တဲ့နေအိမ်ကိုဗုံးကြဲခဲ့တာဖြစ်တယ်လို့လည်း Wetlet Informational Networkကပြောထားပါတယ်။
အခုဇွန်လ ၁၇ရက်ကလည်း စစ်တပ်က ဝက်လက်မြို့နယ်၊ ညောင်ပင်ကြီးတောရွာကို လေကြောင်းဗုံးကြဲခဲ့တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးနဲ့ငါးနှစ်သမီး၊ နောက်ထပ်အမျိုးသမီးနှစ်ဦးတို့ သေဆုံးခဲ့ပါသေးတယ်။
မနေ့က ဇွန် ၂၈ရက်မှာလည်း ဝက်လက်မြို့နယ်အရှေ့ခြမ်း ရွာသာရွာမှာရပ်ထားတဲ့ စစ်တပ်သင်္ဘောတွေကနေ အနောက်ဘက်ကိုလက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတာကြောင့် ပြည်သူတွေသတိရှိကြဖို့ကို သတိပေးထားပါသေးတယ်။




Comments