top of page

ဘုရား၊ကျောင်း၊ကန့်သတ်နယ်မြေတွေကို စစ်ပွဲအတွင်းပစ်မှတ်မထားရေးအတွက် စစ်အုပ်စုကိုတားဆီးဆုံးမပေးတော်မူကြဖို့ သံဃာ့မဟာနာယကဥက္ကဋ္ဌ ဆရာတော်ကြီးနဲ့အဖွဲ့ဝင်ဆရာတော်တွေကိုလျှောက်ထား

Writer: BVJ
BVJ
3 days ago
1 min read

ယူဂရင်း/BVJ_အောက်တိုဘာ ၁၅၊ ၂၀၂၆

ဆိပ်ခွန်ကျေးရွာ၊ သမိုင်းဝင်မဟာစည်ဘုန်းကြီးကျောင်းကို ၂၀၂၆၊အောက်တိုဘာ ၁၁ရက်က စစ်အုပ်စုလေကြောင်းဗုံးကြဲပြီးနောက်မြင်တွေ့ရပုံ။
ဆိပ်ခွန်ကျေးရွာ၊ သမိုင်းဝင်မဟာစည်ဘုန်းကြီးကျောင်းကို ၂၀၂၆၊အောက်တိုဘာ ၁၁ရက်က စစ်အုပ်စုလေကြောင်းဗုံးကြဲပြီးနောက်မြင်တွေ့ရပုံ။

စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဗုဒ္ဓသာသနိက အဆောက်အဦတွေကို ရည်ရွယ်ချက်ရှိရှိဗုံးကြဲတိုက်ခိုက်ဖျက်ဆီးနေတဲ့ စစ်အုပ်စုကို နိုင်ငံတော် သံဃာ့မဟာနာယက ဥက္ကဋ္ဌ ဆရာတော်ကြီးနဲ့တကွ အဖွဲ့ဝင်ဆရာတော်တွေက တားဆီးဆုံးမဩဝါဒပေးတော်မူကြဖို့ဆိုပြီး စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစုက ဒီနေ့ အောက်တိုဘာ ၁၅ရက်မှာ လျှောက်ထားလိုက်ပါတယ်။


အခုလ အောက်တိုဘာ ၁၁ရက်မှာ စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာရှိ အင်ကြင်းတောတိုက်၊ မူလမဟာစည်ကျောင်းတော်ကို စစ်အုပ်စုကလေကြောင်းကနေ ဗုံးကြဲဖျက်ဆီးပြီးတဲ့နောက်မှာ အခုလိုလျှောက်ထားတင်ပြလာကြတာဖြစ်ပါတယ်။


စစ်အုပ်စုက အခုလိုသာသနိကအဆောက်အအုံတွေကိုတိုက်ခိုက်နေတာတွေကို ဆရာတော်ကြီးတွေက နှုတ်ဆိတ်နေတဲ့အပေါ်မှာလည်း စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု မေးခွန်းထုတ်ထားပါသေးတယ်။


"ဆိပ်ခွန် မဟာစည်ကျောင်းသည် ပဋိပတ္တိဌာနတစ်ခုအနေဖြင့် ဂုဏ်သိက္ခာကြီးမားစွာရပ်တည်ခဲ့သည့် ကျောင်းတော်ဖြစ်သည့်အပြင် လတ်တလော မဟာစည်နာယကအဖွဲ့ ဥက္ကဋ္ဌ ဆိပ်ခွန်ဆရာတော်ဘုရားကြီး၏ ကျောင်းတိုက်ဖြစ်သဖြင့် တော်လှန်ရေးနှင့် တစုံတရာပတ်သက်မှုမရှိဘဲ ဝိပဿနာဓုရသန့်သန့်ဖြင့် သာသနာ့ဝန်ကိုဆောင်နေသော ကျောင်းတိုက်ဖြစ်သည်ကိုလည်း အရှင်ဘုရားများသိတော်မူကြပြီး ဖြစ်ပါလျှက် ယခုကဲ့သို့ဗုံးကြဲဖျက်ဆီးခြင်းအပေါ် အရှင်ဘုရားများ အဘယ်ကြောင့် နှုတ်ဆိတ်နေတော်မူကြပါသလဲဘုရား"
ဆိပ်ခွန်ကျေးရွာ၊ သမိုင်းဝင်မဟာစည်ဘုန်းကြီးကျောင်းကို ၂၀၂၆၊အောက်တိုဘာ ၁၁ရက်က စစ်အုပ်စုလေကြောင်းဗုံးကြဲပြီးနောက်မြင်တွေ့ရပုံ။
ဆိပ်ခွန်ကျေးရွာ၊ သမိုင်းဝင်မဟာစည်ဘုန်းကြီးကျောင်းကို ၂၀၂၆၊အောက်တိုဘာ ၁၁ရက်က စစ်အုပ်စုလေကြောင်းဗုံးကြဲပြီးနောက်မြင်တွေ့ရပုံ။

စစ်အုပ်စုဟာအခုလိုထင်ရှားကျော်ကြားတဲ့ကျောင်းတိုက်တွေကိုသာမက ကျေးလက်တွေကမထင်ရှားတဲ့ သာသနာပြုဘုန်းတော်ကြီးကျောင်း‌တွေကိုလည်း လေကြောင်းကနေကြိမ်ဖန်များစွာဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပြီး အဲ့ဒီထဲမှာ မြောင်မြို့နယ်၊ဆွဲလွဲအိုရွာ ဇေဋ္ဌဝါဒီဘုန်း‌တော်ကြီးကျောင်း (၇) ရက်တရားစခန်း၊ ချောင်းဦးမြို့နယ် ပန်းလှတောရကျောင်း၊ ကန့်ဘလူမြို့နယ် ထန်းတပင်ကျေးရွာဘုန်းတော်ကြီးကျောင်းစတာတွေလည်း ဗုံးကြဲတိုက်ခိုက်ခံရတဲ့အကြောင်းကိုလည်း လျှောက်ထားချက်ထဲမှာတင်ပြထားပါတယ်။


အဲ့ဒီဗုံးကြဲတိုက်ခိုက်မှုတွေအတွင်းမှာ ဘုန်းတော်ကြီးတွေ၊ ရဟန်း/သာမဏေတွေ၊ တရားစခန်းဝင် ယောဂီတွေနဲ့ ဥပုသ်သည်တွေ ပျံလွန်/သေဆုံး ထိခိုက်ဒဏ်ရာရရှိတာတွေရှိခဲ့ပါတယ်။


ဒါကြောင့် အခုလို အပြစ်မဲ့ပြည်သူတွေနဲ့ ဘာသာရေးဆိုင်ရာအဆောက်အဦတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့လုပ်ရပ်အပေါ် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ဘုရားကြီးတွေအနေနဲ့ ဝတ္တရားရှိတော်မူကြတာနဲ့အညီ ဆုံးမသြဝါဒပေးဖို့နဲ့မေတ္တရပ်ခံတားဆီးပေးဖို့ဆိုပြီး အချက်(၃)ချက်ကိုလျှောက်ထားလာကြတာပါ။

ဆိပ်ခွန်ကျေးရွာ၊ သမိုင်းဝင်မဟာစည်ဘုန်းကြီးကျောင်းကို ၂၀၂၆၊အောက်တိုဘာ ၁၁ရက်က စစ်အုပ်စုလေကြောင်းဗုံးကြဲပြီးနောက်မြင်တွေ့ရပုံ။
ဆိပ်ခွန်ကျေးရွာ၊ သမိုင်းဝင်မဟာစည်ဘုန်းကြီးကျောင်းကို ၂၀၂၆၊အောက်တိုဘာ ၁၁ရက်က စစ်အုပ်စုလေကြောင်းဗုံးကြဲပြီးနောက်မြင်တွေ့ရပုံ။

လျှောက်ထားချက်(၃)ချက်ထဲမှာ အပြစ်မဲ့ သံဃာတော်တွေ၊ ပြည်သူတွေရဲ့ အသက်အန္တရာယ်ကိုထိခိုက်စေတဲ့ သာသနိကနယ်မြေ‌တွေကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေကို ချက်ချင်းရပ်တန့်စေရေးအတွက် စစ်အုပ်စုကိုဆုံးမဩဝါဒပေးတော်မူကြဖို့၊ ဗုဒ္ဓဘာသာ သာသနာ့နယ်မြေတွေနဲ့ ဥပုသ်သီလ ဆောက်တည်နေသူတွေရဲ့လုံခြုံရေးအတွက် ထိရောက်စွာအသံထုတ်ပြန် ပေးတော်မူဖို့နဲ့ ဘုရား၊ ကျောင်း၊ ကန့်သတ်နယ်မြေတွေကို စစ်ပွဲအတွင်းပစ်မှတ်မထားရေးအတွက် လိုအပ်တဲ့မေတ္တာရပ်ခံတားဆီးမှုတွေကို အရှင်ဘုရားတွေရဲ့ မေတ္တာဓာတ်နဲ့ ရှေ့တန်းက ရပ်တည်ဆောင်ရွက်ပေးတော်မူကြဖို့ဆိုပြီး ပါဝင်ပါတယ်။


ပြီးခဲ့တဲ့ရက်က ဆိပ်ခွန်ကျေးရွာရှိ သမိုင်းဝင်မဟာစည်ဘုန်းကြီးကျောင်းကို စစ်အုပ်စုက လေကြောင်းကနေဂျက်ဖိုက်တာလေယာဉ်နဲ့ သုံးကြိမ်တိုင်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်တွေနဲ့ ဥပုသ်သီလဆောက်တည်နေတဲ့ သက်ကြီးရွယ်အိုတွေထဲက ဒေသခံ ၂ ဦး သေဆုံးပြီး ၈ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ပါတယ်။

ဆိပ်ခွန်ရွာဟာ မဟာစည်ဆရာတော် ဦးသောဘနရဲ့ဇာတိဖြစ်ပြီး ဗုံးကြဲခံရတဲ့ဘုန်းကြီးကျောင်းဟာလည်း မဟာစည်ဆရာတော်သီတင်းသုံးခဲ့တဲ့ ဘုန်းကြီးကျောင်းဖြစ်တယ်လို့ ဒေသခံတွေပြောဆိုချက်အရ သိရပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page