ပြည်ပရောက်မီဒီယာတွေကို အင်တာပိုလ်ကနေတဆင့်ဖမ်းဆီးဖို့ကြိုးစားနေတဲ့ စစ်အုပ်စုကို နိုင်ငံတကာသတင်းထောက်များအဖွဲ့ချုပ် ရှုတ်ချ

BVJ_အောက်တိုဘာ ၁၄၊ ၂၀၂၆

ပြည်ပရောက်မီဒီယာတွေဖြစ်တဲ့ မြန်မာနောင်း၊ Khit Thit၊ မဇ္ဈိမ၊ DVB နဲ့ဧရာဝတီသတင်းဌာနတို့ကို နိုင်ငံတကာရဲတပ်တပ်ဖွဲ့(INTERPOL)ကနေတဆင့် ဖမ်းဆီးခိုင်းဖို့လုပ်ဆောင်နေတယ်ဆိုတဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့လုပ်ရပ်ကို နိုင်ငံတကာသတင်းထောက်များအဖွဲ့ချုပ် (IFJ)က ဒီနေ့ အောက်တိုဘာ ၁၄ရက်မှာ ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပါတယ်။
ပြည်ပရောက်မီဒီယာတွေအပါအဝင် NUG၊ CRPH တာဝန်ရှိသူတွေ၊ PDFအဖွဲ့တွေကိုငွေကြေးထောက်ပံ့သူတွေအားလုံးကို သက်ဆိုင်ရာ ရဲစခန်း၊တရားရုံးတွေမှာကျူးလွန်တဲ့ပြစ်မှုတွေအလိုက် ရာဇသတ်ကြီးပုဒ်မ ၁၂၄-က၊ ပုဒ်မ (၅၀၅) က ၊ ပုဒ်မ ၅၀၅-က၊ ၅၀၅-ခ၊ မတရားသင်းအက်ဥပဒေပုဒ်မ ၁၇(၁)၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ည)တို့နဲ့ အမှုဖွင့်အရေးယူထားပြီး INTERPOLနဲ့ဖမ်းဆီးနိုင်ဖို့ Red Noticeတွေထုတ်ပြန်နိုင်ရေး ဆောင်ရွက်ထားကြောင်း အခုလ အောက်တိုဘာ ၆ရက်ကကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူကပြောခဲ့တာပါ။
IFJက မြန်မာစစ်တပ်ဟာ နိုင်ငံတကာအသိအမှတ်ပြုမှုရရှိဖို့ကြိုးပမ်းနေသလို ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုဖော်ထုတ်နေတဲ့ သတင်းဌာနတွေနဲ့သတင်းသမားတွေအပေါ် ဖိနှိပ်မှုတွေကို နိုင်ငံတကာအထိတိုးချဲ့ဖို့ကြိုးစားနေကြောင်းဝေဖန်ထားပြီး ပြည်တွင်းပြည်ပက လုပ်ဖော်ကိုင်ဖက်သတင်းမီဒီယာသမားတွေနဲ့အတူ ရက်စက်ကြမ်းကြုတ်တဲ့စစ်အာဏာရှင်စနစ်ကို ဆက်လက်ဆန့်ကျင်ရပ်တည်သွားမယ်လို့ပြောထားပါတယ်။
ပြည်ပကိုထွက်ပြေးတိမ်းရှောင်သွားတဲ့ ဆန့်ကျင်ရေးအင်အားစုတွေထဲက ပုဂ္ဂိုလ် ၁၃၀၀ ကျော်ရဲ့ နိုင်ငံကူးလက်မှတ်တွေကို မြန်မာစစ်တပ်ကပယ်ဖျက်ထားကြောင်းလည်း IFJကပြောထားပါတယ်။




Comments