စစ်ကိုင်းနဲ့မကွေးဆက်တိုက်ဗုံးကြဲခံရမှုအတွင်း CDMဆရာမ၊ဆရာဝန်နဲ့ ကလေးငယ်တွေသေဆုံး
- BVJ

- 6 days ago
- 1 min read
မိုနာ/BVJ_ဇန်နဝါရီ ၇၊ ၂၀၂၆

အာဏာသိမ်းစစ်အုပ်စုဟာ အခုနှစ်သစ် ဇန်နဝါရီလ ပထမပါတ်အတွင်းမှာ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းအတွင်းကမြို့နယ်တွေကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။
လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇန်နဝါရီ ၄ရက်နေ့ မွန်းလွဲ ၂း၃၀အချိန်မှာပဲ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ မတောင့်တကျေးရွာက ပြည်သူ့ဆေးရုံကိုတိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်အုပ်စုကလေကြောင်းကနေ ဂျိုင်ရိုကော်ပတာ (Gyrocopter)နဲ့ဗုံးကြဲခဲ့တာကြောင့် တိုက်နယ်ဆေးရုံ တာဝန်ခံဆရာဝန်နဲ့ ဆေးရုံစားဖိုမှူး နှစ်ဦး စုစုပေါင်းသုံးဦးသေဆုံးခဲ့ပါတယ်။
သေဆုံးသွားတဲ့ ဆရာဝန်က CDMမှာပါဝင်ထားတဲ့ အသက်(၃၇)နှစ်အရွယ် ဒေါက်တာအောင်သဲထွဋ်ဖြစ်ပြီး ဆေးရုံတာဝန်ခံဆရာဝန်အဖြစ် ဒေသခံပြည်သူတွေကိုကျန်းမာရေးစောင့်ရှောက်မှုပေးနေတာဖြစ်ကြောင်းနဲ့ ကျဆုံးမှုအတွက်ကြေကွဲဝမ်းနည်းရကြောင်းကို NUGရဲ့ကျန်းမာရေးဝန်ကြီးဌာနက မနေ့က ဇန်နဝါရီ၆ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဒေါက်တာအောင်သဲထွဋ်ရဲ့နာရေးအခမ်းအနားလုပ်နေတဲ့ ဇန်နဝါရီ ၅ရက်နေ့မှာလည်း စစ်အုပ်စုက ဂျိုင်ရိုကော်ပတာနဲ့လေကြောင်းတိုက်ခိုက်မှုထပ်လုပ်ခဲ့ပါသေးတယ်။ဒါပေမယ့် ထိခိုက်မှုတော့မရှိခဲ့ဘူး။
စစ်အုပ်စုဟာ ဇန်နဝါရီ ၅ရက်နေ့ တစ်ရက်အတွင်းမှာပဲ စစ်ကိုင်းတိုင်းထဲက ခင်ဦး၊ ယင်းမာပင်၊ကန့်ဘလူ၊ကောလင်း၊ ကျွန်းလှ၊ကသာတို့ကို Mi 35 ရဟတ်ယာဉ်၊ Y-12 ထောက်ပို့လေယာဉ်၊ တိုက်လေယာဉ်၊ စက်တက်လေထီးတွေဖြစ်တဲ့ ဂျိုင်ရိုကော်ပတာ၊ ပါရာမိုတာတွေအပြင် ကာမီကာဇေ(Suicide Drone)တွေပါအသုံးပြုတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ ဒေသတွင်းအဖွဲ့အစည်းတွေထုတ်ပြန်ချက်နဲ့ ဒေသခံတွေပြောစကားအရ သိရပါတယ်။
အဲ့ဒီလေကြောင်းဗုံးကြဲမှုအတွင်းမှာ ကသာမြို့က ၁၁နှစ်ကလေး၊ ခင်ဦးမြို့နယ်က အမျိုးသမီး (၁)ဦးနဲ့ အမျိုးသား နှစ်ဦးအပါအဝင် သေဆုံးသူ (၆)ဦးအထိရှိခဲ့ပြီး အနည်းဆုံး ဆယ်ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ခင်ဦးမြို့နယ်ကိုတိုက်ခိုက်မှုဟာ စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုဟာ စစ်ရေးပစ်မှတ် (လုံးဝ) မဟုတ်တဲ့ စစ်ဘေးရှောင်ပြည်သူတွေစုဝေးခိုလှုံနေထိုင်နေတဲ့ ကုန်းကြီးကျေးရွာ စာသင်ကျာင်းနဲ့ ကပ်လျှက် ဆီသိုလှောင်ခြံကို အဓိကပစ်မှတ်ထားတိုက်ခိုက်သွားတာဖြစ်တယ်လို့ ခင်ဦးပအဖက ထုတ်ပြန်ထားပါတယ်။

မနေ့က ဇန်နဝါရီ ၆ရက် မနက်ဆယ်နာရီခန့်မှာလည်း ဝက်လက်မြို့နယ်၊ ပေါက်ကန် ဘူတာကျေးရွာက အရပ်သားနေအိမ်တွေ၊ ဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းတို့ကို ဂျက်ဖိုက်တာနှစ်စီးနဲ့ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီး (၃)ဦးနဲ့ လသားကလေးငယ်တို့ သေဆုံးခဲ့ပါတယ်။
သေဆုံးသွားသူတွေဟာ CDMဆရာမ ဒေါ်တင်တင်ဌေး(၅၅ နှစ်)၊ ဒေါ်မြ(၆၀ နှစ်)၊ ဒေါ်သင်းကြိုင်(၄၅ နှစ်)နဲ့ လေးလအရွယ် ကလေးငယ်တစ်ဦးတို့ဖြစ်တယ်လို့ ဒေသတွင်းအဖွဲ့အစည်းတွေက အသီးသီးထုတ်ပြန်ထားကြပါတယ်။
“ပစ်ခံရရချင်းမှာ ပွဲချင်းပြီးသေဆုံးသူ လသားကလေးနဲ့အမျိုးသမီးနှစ်ယောက်ပေါ့လေ။ နောက်ထပ် အမျိုးသမီးတစ်ယောက်က ခေါင်းထိမှန်ဒဏ်ရာရပြီးထပ်ဆုံးသွားတော့ လေးယောက်ဖြစ်သွားတယ်”လို့ ဒေသခံတစ်ဦးက Burma VJကိုပြောပါတယ်။

ဒါ့အပြင် မကွေးတိုင်းအတွင်းက မြိုင်နဲ့ပေါက်မြို့နယ်တွေကိုလည်း စစ်အုပ်စုက မနေ့က ၆ရက်နေ့ ည ကိုးနာရီကျော်မှာပဲ လေကြောင်းဗုံးကြဲခဲ့ပါသေးတယ်။
ဂျက်ဖိုက်တာနဲ့ လေကြောင်းဗုံးကြဲမှုအတွင်း ၁၆နှစ်မိန်းကလေးသေဆုံးခဲ့ပြီး ၆ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်းနဲ့ နေအိမ်နှစ်လုံးလည်းပျက်ဆီးတယ်လို့ မြိုင်ပကဖက ဒီနေ့မှာအသိပေး ထုတ်ပြန်ထားပါတယ်။
စစ်အုပ်စုဟာ အခုရက်ထဲကိုမြိုင်နယ်၊ပေါက်တကြောကို နည်းမျိုးစုံသုံးပြီးဗုံးကြဲနေကြောင့် လေကြောင်းအထူးဂရုပြုကြဖို့ကို ဒေသတွင်းတပ်ဖွဲ့တွေကလည်း တိုက်တွန်းနေကြပါတယ်။
စစ်အုပ်စုဟာဒီရက်ထဲမှာ အရပ်သားနေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေကိုအရင်ထပ်ပိုလုပ်တာကိုတွေ့ရပြီး မြန်မာ့စစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့-MDSIရဲ့စာရင်းအရတော့ စစ်အုပ်စုက ဒီဇင်ဘာလအတွင်းမှာ အရင်ထက်လေကြောင်းတိုက်ခိုက်မှုကို နှစ်ဆတိုးလုပ်ခဲ့ပြီး ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် အရပ်သားပြည်သူ (၁၇၆)ဦးသေဆုံးကာ (၃၂၅)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အခု ဇန်နဝါရီ ၅ရက်က ထုတ်ပြန်ထားပါတယ်။







Comments