စစ်ကိုင်းတိုင်းအတွင်းကမြို့နယ်တွေ နေ့စဉ်ဗုံးကြဲခံနေရ
- BVJ

- Dec 23, 2025
- 1 min read
မိုနာ/BVJ_ဒီဇင်ဘာ ၂၃၊ ၂၀၂၅

စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေဖြစ်တဲ့ ဗန်းမောက်၊ကောလင်း၊ ယင်းမာပင်နဲ့ ဝက်လက်မြို့နယ်တွေကို စစ်အုပ်စုဟာ နေ့တိုင်းနီးပါးလေကြောင်းကနေ လှည့်ပတ်ဗုံးကြဲတိုက်ခိုက်နေပါတယ်။
မနေ့က ဒီဇင်ဘာ၂၂ ရက် ညနေငါးနာရီကျော်အချိန်မှာ ကောလင်းမြို့နယ်၊ နတ်အင်းကျေးရွာ စာသင်ကျောင်းကို တိုက်လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး နှစ်ဦးနဲ့ အမျိုးသား လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
မြေပြင်စစ်ကြောင်းထိုးနှက်ခြင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀)ဗုံးသီးပစ်ချခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေဟာ စာသင်ကျောင်းနားနေထိုင်ကြတဲ့ ဦးမြင့်ဝင်း၊ ဦးကျော်ပိုင်ဦး၊ ဦးစိုးသူအောင်၊ ဦးအောင်မျိုးသူ၊ ဒေါ်အေး၊ ဒေါ်နှင်းမိုးအေးတို့ဖြစ်တယ်လို့ Kawlin Revolution-KRက ဒီဇင်ဘာ ၂၂ရက်မှာထုတ်ပြန်ထားပါတယ်။
အခုလ ဒီဇင်ဘာ ၂၁ရက် ညရှစ်နာရီအချိန်မှာလည်း ဗန်းမောက်မြို့နယ်အနောက်ခြမ်း နားပင်ကျေးရွာဘုန်းကြီးကျောင်းကို စစ်အုပ်စုက တိုက်လေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ကျောင်းအတွင်းကျရောက်ပေါက်ကွဲပြီး သံဃာတစ်ပါးနဲ့ အမျိုးသား၊အမျိုးသမီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်အုပ်စုဟာ ယင်းမာပင်မြို့နယ်နဲ့ကနီနယ်ထဲကကျေးရွာတွေဖြစ်တဲ့ ယင်းမာပင်နယ် အရှေ့မြောက်ခြမ်း၊ ကနီနယ်အစပ်က ကျောက်မော်၊ ကျောက်ကုန်း၊ ကျွန်းပေါ်၊ နှောပင်၊ အင်းပတ်၊ ကြက်လျာစတဲ့ကျေးရွာတွေကို ဒီဇင်ဘာ ၁၆ရက်ကစတင်ပြီး လေကြောင်းပစ်ကူနဲ့ စစ်ကြောင်းထိုးခဲ့သလို နေအိမ်တွေမီးရှို့၊ ပစ္စည်းတွေဖောက်ထွင်းခိုးယူတာတွေ ပြုလုပ်ခဲ့တယ်လို့လည်း ဒေသခံကပြောပါတယ်။
“အခုတော့ စစ်ကြောင်းကမရှိတော့ဘူး။ လုပ်ချင်တာလုပ်ပြီးပြန်ထွက်သွားပြီ။ ဘယ်အချိန်ပြန်လာမလဲတော့မသိဘူး။ သူတို့လာရင်လည်းဒီတိုင်းမလာဘူး လေကြောင်းပါ ပါလာတာ”လို့ ယင်းမာပင်ဒေသခံတစ်ဦးက Burma VJကိုပြောပါတယ်။
အလားတူပဲ စစ်အုပ်စုဟာ ဝက်လက်နယ်အတွင်းကိုလည်း အခုဒီဇင်ဘာလအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ပြုလုပ်ထားတယ်လို့ ဒေသတွင်းအခြေအနေတွေကိုဖော်ပြနေတဲ့ Wetlet informational Networkက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်လုပ်ပြီး လက်ရှိမှာတော့ပြန်ငြိမ်ထားတယ်။ စစ်ကြောင်းကတော့ ဒီရှိန်းမကားကျေးရွာအထိုင်ရဲစခန်းအတွင်းမှာပဲ ရောက်နေတယ်။ ရှေ့ဆက်တော့မတိုးသေးဘူးဗျ”
ဒေသတွင်း တိုက်ပွဲဖြစ်ပွားမှုအခြေအနေလည်းမရှိသေးဘူးလို့ သိရပါတယ်။

စဉ့်ကူးနယ်ကိုပြန်သိမ်းထားပြီလို့ကြေညာထားတဲ့ စစ်အုပ်စုဟာ စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တွေကနေ စစ်ကိုင်းဘက်ကို စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေတဲ့ဒေသခံတွေအနေနဲ့ ဝက်လက်နယ်ထဲမဝင်နိုင်အောင်တားဆီးထားတယ်ဆိုတဲ့ အခြေအနေတွေကိုလည်း ဒေသခံတွေကပြောကြပါတယ်။
စစ်အုပ်စုကတော့ တော်လှန်ရေးတပ်ဖွဲ့တွေစိုးမိုးထားတဲ့ မန္တလေးတိုင်း၊စဉ့်ကူးမြို့နဲ့ စစ်ကိုင်းတိုင်း၊ကျောက်မြောင်းမြို့တို့ကိုဆက်သွယ်ထားတဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ ကုန်စည်စီးဆင်းမှုအတွက်အရေးပါတဲ့ ဧရာဝတီတံတား(ရတနာသိင်္ခတံတား)ကို မနေ့က ဒီဇင်ဘာ ၂၂ရက်မှာ ပြန်သိမ်းပိုက်လိုက်ပြီးဖြစ်တာကြောင့် နယ်မြေစိုးမိုးရေးလုပ်ငန်းတွေဆောင်ရွက်မယ်လို့ ကြေညာထားပါတယ်။







Comments