တီမောသံရုံးယာယီတာဝန်ခံကို မြန်မာနိုင်ငံကနေတပတ်အတွင်းထွက်သွားဖို့ စစ်အုပ်စုညွှန်ကြား
- BVJ

- Feb 16
- 1 min read
အေတီ/BVJ_ဖေဖော်ဝါရီ ၁၅၊ ၂၀၂၆

တီမောလက်စ်တေသံရုံး ယာယီတာဝန်ခံအနေနဲ့ မြန်မာနိုင်ငံကနေ (၇)ရက်အတွင်းထွက်ခွာသွားဖို့ဆိုပြီးညွှန်ကြားတဲ့ ထုတ်ပြန်ချက်တစ်စောင်ကို စစ်အုပ်စုလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ထုတ်ပြန်ပါတယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့-CHROနဲ့ထိတွေ့ဆက်ဆံလို့ဆိုပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ တီမောနိုင်ငံရဲ့သံရုံးနဲ့ယာယီသံအရာရှိကို နိုင်ငံကနေထွက်သွားဖို့ အာဏာသိမ်းစစ်အုပ်စုလက်အောက် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဒီနေ့ဖေဖော်ဝါရီ ၁၅ရက်စွဲနဲ့ထုတ်ပြန်တဲ့ စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ တီမောသံရုံးယာယီတာဝန်ခံကို အခုလ ဖေဖော်ဝါရီ ၂၀ ရက်နေ့နောက်ဆုံးထားပြီး မြန်မာနိုင်ငံထဲကနေထွက်သွားဖို့ပြောထားတာပါ။

အာဆီယံအဖွဲ့ရဲ့အခြေခံမူတွေကိုဖောက်ဖျက်ခဲ့တဲ့ တီမောလက်စ်တေအစိုးရရဲ့ အပြုအမူတွေကို ပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချတဲ့သတင်းထုတ်ပြန်ချက်ကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့လ ဇန်နဝါရီ ၁၈ရက်မှာထုတ်ပြန်ခဲ့ပါသေးတယ်။
အရှေ့တီမောလို့လူသိများတဲ့ တီမောလက်စ်နိုင်ငံဟာ ၂၀၂၅ခုနှစ်ကမှ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်လာခဲ့တာဖြစ်ပြီး အဲ့ဒီမတိုင်ခင်က အမျိုးသားညီညွတ်ရေးအစိုးရ-NUGအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ထိတွေ့ဆက်ဆံမှုတွေရှိခဲ့ပါတယ်။
အာဆီယံအဖွဲ့ဝင်ဖြစ်ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ကလည်း တီမောသမ္မတ ဟိုဆေး ရာမို့စ်ဟော်တာ (José Ramos-Horta)ဟာ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ တီမောနိုင်ငံ၊ ဒိလီမြို့က သမ္မတအိမ်တော်မှာလက်ခံတွေ့ဆုံခဲ့ပါတယ်။

ဒါ့အပြင် ချင်းပြည်နယ်မှာအာဏာသိမ်းစစ်အုပ်စုကကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး တရားစွဲဆိုနိုင်ဖို့ တီမောနိုင်ငံပြည်သူ့အစိုးရရှေ့နေရုံးကို တိုင်ကြားစာတင်သွင်းခဲ့တာကိုလည်းလက်ခံလိုက်ပြီး နိုင်ငံတကာတရားစီရင်ပိုင်ခွင့် “Universal Jurisdiction”အရ တရားစွဲဆိုရေးလုပ်ငန်းစဥ်တွေစတင်နေပြီလို့ သိရပါတယ်။
အာဏာသိမ်းစစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒီကနေ့ထုတ်ပြန်ချက်ထဲမှာတော့ တီမောနိုင်ငံရဲ့ ရပ်တည်ချက်ပြောင်းလဲဖို့တိုက်တွန်းထားပြီး မပြောင်းလဲဘူးဆိုရင် ပိုမိုပြင်းထန်တဲ့အစီအမံတွေချမှတ်ဆောင်ရွက်သွားမယ်လို့ ခြိမ်းခြောက်ဖော်ပြထားပါသေးတယ်။




Comments