စစ်မှုထမ်းစာရင်းမှာမပါဝင်ဖို့ စစ်ကောင်စီဝန်ထမ်းတွေလည်းငွေပေးနေရ
- BVJ

- Aug 20
- 1 min read
မိုနာ/BVJ_ သြဂုတ် ၂၀၊ ၂၀၂၅

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ကိုရင်ဆိုင်ဆင်နွှဲနေရတဲ့စစ်ကောင်စီဟာ စစ်မှုထမ်းတပ်သားသစ်စုဆောင်းနေတာဟာ အခုဆိုရင် အပါတ်စဉ်-၁၆အထိကို ရောက်ရှိလာပြီဖြစ်ပါတယ်။
စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းအတွက်ဆိုပြီး လူငယ်တွေကိုအတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်ဆောင်နေတဲ့အပြင် တိုင်းနဲ့ပြည်နယ်အသီးသီးက ရပ်ကွက်လူငယ်တွေကိုလည်း သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းစာရင်းထဲ ထည့်သွင်းလေ့ရှိပါတယ်။
အဲ့ဒီစစ်မှုထမ်းစာရင်းတွေထဲမှာ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေရဲ့ သားသမီးတွေနဲ့မိသားစုဝင်တွေကိုလည်း ထည့်သွင်းလေ့ရှိပြီး စစ်မှုထမ်းမသွားချင်ရင် လစဉ်ငွေပေးရတာမျိုးရှိတယ်လို့ ရန်ကုန်မှာနေထိုင်သူတစ်ယောက်က ပြောပါတယ်။
“အဘွားနဲ့မြေးနှစ်ယောက်ထဲနေတဲ့အိမ်မှာ အဘွားကလစဉ်ငွေပေးရတယ် အုပ်ချုပ်ရေးမှူးကို။ မြေးဖြစ်သူ စစ်မှုထမ်းစာရင်းထဲမပါဖို့။ အရင်လတွေက လကုန်မှတောင်းနေကြကို အခုလကျတော့ ၁၀ရက်ကျော်မှာလာတောင်းတယ်။ လမကုန်သေးဘူးလေဆိုတော့ လကုန်ထိစောင့်ရင် စာရင်းထဲပါသွားလိမ့်မယ် မပါချင်ရင်စောစောပေးထားပါတဲ့။ တလကိုတစ်သောင်းပေးရတာ လတိုင်း။ အဲ့ဒီကလေးမိဘက စစ်တပ်ရဲ့ ငွေစာရင်းဌာနမှာလုပ်နေတာ နေပြည်တော်မှာနေတာ။ ဝန်ထမ်းပါလို့ပြောလဲမရဘူး အသက်ကြီးတဲ့အဘွားမို့ ဒီလောက်ပဲတောင်းတာလို့လည်းပြောသေးတယ်”လို့ Burma VJကိုပြောပါတယ်။
အလားတူပဲ ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်မှာနေထိုင်သူတစ်ယောက်ကလည်း “ပြီးခဲ့တဲ့လက ရပ်ကွက်ထဲကမိသားစုတစုက ကောင်လေးတယောက် စစ်မှုထမ်းစာရင်းထဲပါတယ်။ သူ့အမေက ရပ်ကွက်အုပ်ချုပ်ရေးရုံးမှာလုပ်အားပေးလုပ်နေတာကြာပြီ။ အခုဆိုရွေးကောက်ပွဲအတွက် လူစာရင်းလုပ်တာမျိုး၊ နောက်ရပ်ကွက်ထဲက ဧည့်စာရင်းကိစ္စလိုမျိုးတွေမှာ လုပ်ပေးနေသူပေါ့။ ဒါပေမယ့် ကလေးကတော့ ထိုင်းမှာသွားရှောင်နေတာကြာပြီ။ အဲ့ဒါစာရင်းထဲပါလာတော့ အမေကသွားညှိတယ် သူသားလည်းမရှိတော့စာရင်းဖျက်ပေးလို့ရမလားဆိုပြီး။ မရဘူး ပိုက်ဆံပေးလိုက်ရတယ် သုံးသိန်း။ အဲ့ဒါတောင် လောလောဆယ်စာရင်းထဲကခဏရွှေ့ပေးထားမယ်ဆိုပြီးပဲ ပြောတာ” လို့ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်တပ်ကအငြိမ်းစားယူထားသူတစ်ယောက်ရဲ့သားဖြစ်သူဟာ စစ်မှုထမ်းအတွက် ထိုးကြိတ်ဖမ်းဆီးခံလိုက်ရပြီး ဟိုပုံးမြို့ ထွေအုပ်ဌာနကိုရောက်နေကြောင်းနဲ့ မနက်မှာဗထူးတပ်ကိုပို့မယ့်အကြောင်းကို အဒေါ် ဖြစ်သူက လူမှုကွန်ရက်မှာဖော်ထုတ် ရေးသားခဲ့ပါသေးတယ်။
စစ်မှုထမ်းအဖြစ် အတင်းအဓမ္မဖမ်းဆီးခံလိုက်ရတဲ့တူဖြစ်သူဟာ ရေကြောင်းတက္ကသိုလ်တက်နေသူဖြစ်ပြီး မြောက်ဥက္ကလာကနေ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက ဟိုပုံးထိဖမ်းခေါ်ကာ စစ်တပ်ထဲထည့်တာဖြစ်ကြောင်း ပြောထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ပြောင်းလဲဖွဲ့စည်းထားတဲ့ စစ်ကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့သားဖြစ်သူ ထက်ရဲနောင်ဟာ ဗိုလ်သင်တန်းကျောင်း(ဗထူး)မှာဖွင့်လှစ်တဲ့ စစ်မှုထမ်းအပတ်စဉ်(၁၃)မှာ စာရင်းသွင်းတက်ရောက်ခဲ့ကြောင်းကိုလည်း ဓါတ်ပုံတွေနဲ့အတူ လူမှုကွန်ရက်မှာသတင်းလွှင့်ခဲ့ပါသေးတယ်။

စစ်ကောင်စီဟာ လက်ရှိမှာ စစ်မှုထမ်းအပါတ်စဉ်-၁၆အတွက်သင်တန်းကို တိုင်းစစ်ဌာနချုပ်အသီးသီးမှာ အခုလ ၁၆ရက်က စတင်နေပြီဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
ပြည်သူ့စစ်မှုထမ်းဆိုပြီး စစ်ကောင်စီက ၂၀၂၄ခုနှစ် ဖေဖော်ဝါရီကစတင်ခဲ့တဲ့ စစ်မှုထမ်းသင်တန်းအတွက် အတင်းအဓမ္မဖမ်းဆီးလူသစ်စုဆောင်းတာကို ပုံစံမျိုးစုံနဲ့ဆောင်ရွက်နေပြီး ဖမ်းဆီးခံရသူတွေထဲမှာ စျေးသည်တွေ၊ ကျန်းမာရေးချို့တဲ့သူတွေနဲ့ အသက်မပြည့်သူတွေပါ,ပါဝင်နေကြောင်းကို ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်မှုထမ်းသင်တန်းသားတွေ ပြောဆိုချက်အရသိရပါတယ်။
မြန်မာ့စစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့-MDSIရဲ့ စာရင်းအရ တရားမဲ့ဖမ်းဆီး၊ စစ်မှုထမ်းသွတ်သွင်း၊ လူသားဒိုင်းအဖြစ် ရှေ့တန်းပို့ဆောင်အသုံးချခံနေရတဲ့ ပြည်သူ့စစ်မှုထမ်း(ပစ) တပ်သားတွေဟာ စစ်မြေပြင်မှာကျဆုံးမှုအများအပြားဖြစ်နေတာကိုတွေ့ရပြီး အခုနှစ် ဇန်နဝါရီလက အာရက္ခတပ်တော်-AAနဲ့ဖြစ်ပွားတဲ့ ကံမြင့်ကန်စခန်းတိုက်ပွဲမှာ တပ်မ-၉၉ လက်အောက်ခံ ခမရ-၄၁၉ တပ်ရင်းက စစ်မှုထမ်းဆင်း (၈)ယောက်၊ PDFတွေနဲ့ မတ်လအတွင်းကဖြစ်ပွားတဲ့ နွားထိုးကြီး ဝက်လူးရဲစခန်းအနီးတိုက်ပွဲမှာ တပ်မ-၁၀၁ လက်အောက်ခံ ခလရ-၂၃၅က (၈)ယောက်၊ ခလရ-၂၅၃က (၇)ယောက်တို့ကျဆုံးခဲ့တယ်လို့ နာမည်၊ကိုယ်ပိုင်နံပါတ်တွေနဲ့အတူဖော်ပြထားပါတယ်။
ပုံစာ-စစ်ကောင်စီစစ်မှုထမ်းသင်တန်းတက်ရောက်မယ့်သူများနဲ့ စစ်ကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့သားဖြစ်သူ ထက်ရဲနောင်သင်တန်းဆင်းပုံ (ဓါတ်ပုံ-CINCDS)







Comments