top of page

NUGအထူးတိုင်းစစ်ဌာနချုပ်နဲ့ KNU၊ KNLAစခန်း ၁၁ နေရာကိုသိမ်းပိုက်နိုင်ခဲ့ဟု စစ်တပ်ကြေညာ

Writer: BVJ
BVJ
4 days ago
1 min read

မိုနာ/BVJ_နိုဝင်ဘာ ၁၀၊ ၂၀၂၆

NUGအထူးတိုင်းစစ်ဌာနဲ့KNUစခန်းတွေကိုသိမ်းနိုင်ကြောင်း စစ်တပ်က ၂၀၂၆၊နိုဝင်ဘာ ၁၀ရက်မှာကြေညာထားပုံ။
NUGအထူးတိုင်းစစ်ဌာနဲ့KNUစခန်းတွေကိုသိမ်းနိုင်ကြောင်း စစ်တပ်က ၂၀၂၆၊နိုဝင်ဘာ ၁၀ရက်မှာကြေညာထားပုံ။

မွန်ပြည်နယ်၊ ကျိုက်ထိုနဲ့ ပဲခူးတိုင်း၊ရွှေကျင်မြို့နယ်အတွင်းက KNU၊ KNLAနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ဌာနချုပ်နဲ့စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အာဏာသိမ်းစစ်အုပ်စုဘက်က ကြေညာလာပါတယ်။


ကျိုက်ထိုမြို့နယ်၊သိမ်ဇရပ်မြို့ရဲ့ အရှေ့မြောက်ဘက် ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်းမှာ NUGအထူးတိုင်းစစ်ဌာနချုပ်ဖွင့်လှစ်ကွပ်ကဲနေတယ်လို့ သတင်းရတာကြောင့် သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။


အခုလ နိုဝင်ဘာ ၃ရက်ကနေစပြီးတိုက်ခိုက်ခဲ့ရာကနေ နိုဝင်ဘာ ၅ရက်၊၆ရက်နဲ့၇ရက်နဲ့၈ရက်တို့မှာ သိမ်ဇရပ်မြို့ အရှေ့မြောက်ဘက် ကော်ကတ်ကျေးရွာနားက ယာယီအခြေပြုစခန်းတစ်ခု၊ ကော်ထီးထကျေးရွာနားက ယာယီအခြေပြုစခန်းတစ်ခု၊ KNU၊ KNLA တပ်မဟာ(၁)၊ ရင်း(၃) ဌာနချုပ်အပါအဝင် ယာယီအခြေပြုစခန်းလေးခုနဲ့ ရွှေကျင်မြို့နယ်အတွင်းက ပွိုင့် ၄၈၀ တောင်ကုန်းအနီး ထီးကလာချောင်းဝန်းကျင်တဝိုက် NUGအထူးတိုင်းစစ်ဌာနချုပ် အပါအဝင်စခန်း ငါးခုတို့ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်တပ်ထိန်းချုပ်သတင်းစာတွေမှာကြေညာပါတယ်။


အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာ ထိတွေ့တိုက်ပွဲလေးကြိမ်ဖြစ်ပွားခဲ့ပြီး အထူးတိုင်းစစ်ဌာနချုပ်နဲ့စခန်းနေရာ ၁၁ နေရာအပြင် လက်နက်မျိုးစုံ ၉၇ လက်၊ ကျည်မျိုးစုံ ၁၂၂၈၅ တောင့်၊ Drop Bomb ၃၆၂ လုံး၊ မိုင်းမျိုးစုံ ၁၃၉ လုံး၊ (4x4) ကား နှစ်စီး၊ ဒရုန်း၊ လက်ပစ်ဗုံး၊ ဗုံးသီး၊ ဒီတိုနေတာ၊ ဆက်သွယ်ရေးစက်၊ ပစ်ကျင်း၊ ဘန်ကာ၊ ရိက္ခာပစ္စည်းနဲ့ ကွန်ပျူတာ၊ယူနီဖောင်းစတာတွေကိုပါ ရရှိခဲ့တယ်လို့ ‌ဖော်ပြပါတယ်။

NUGအထူးတိုင်းစစ်ဌာနဲ့KNUစခန်းတွေကိုသိမ်းနိုင်ကြောင်း စစ်တပ်က ၂၀၂၆၊နိုဝင်ဘာ ၁၀ရက်မှာကြေညာထားပုံ။
NUGအထူးတိုင်းစစ်ဌာနဲ့KNUစခန်းတွေကိုသိမ်းနိုင်ကြောင်း စစ်တပ်က ၂၀၂၆၊နိုဝင်ဘာ ၁၀ရက်မှာကြေညာထားပုံ။

အာဏာသိမ်းစစ်အုပ်စုဘက်က အခုလိုကြေညာတာနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့အတွက် NUGပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို Burma VJက ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။


KNUနဲ့‌ဒေသတွင်းသတင်းတွေ ဖော်ပြချက်အရတော့ နိုဝင်ဘာ ၃ရက်နေ့မနက်ပိုင်းကစပြီး အင်အား တစ်ထောင်ကျော်ပါစစ်တပ်စစ်ကြောင်းဟာ ကျိုက်ထိုမြို့နယ်၊ ဝါးဒက်ကွင်းကျေးရွာကနေ ဇီးပြောင်း(၅) ကျေးရွာကိုဝင်ရောက်လာပြီး အမျိုးသမီးတွေအပါအဝင် ဒေသခံ ၅၀ကျော်ကိုဖမ်းဆီးမှုတွေရှိခဲ့သလို တချို့ဒေသခံတွေကိုလည်းဖမ်းဆီးနှိပ်စက်ကာ လမ်းပြအဖြစ်လုပ်ခိုင်းတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

၂၀၂၆၊နိုဝင်ဘာ ၃ရက်‌မှာ ဆောထိမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့စစ်တပ်က ရာဘာခြံတွင်းကပြည်သူ (၁) ဦးကိုဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်ကာ လမ်းပြအဖြစ်ခိုင်းစေခဲ့ကြောင်း KNUထုတ်ပြန်ထားပုံ။
၂၀၂၆၊နိုဝင်ဘာ ၃ရက်‌မှာ ဆောထိမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့စစ်တပ်က ရာဘာခြံတွင်းကပြည်သူ (၁) ဦးကိုဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်ကာ လမ်းပြအဖြစ်ခိုင်းစေခဲ့ကြောင်း KNUထုတ်ပြန်ထားပုံ။

စစ်ကြောင်းဝင်လာချိန်မှာလည်း လေကြောင်းကနေဗုံးကြဲ၊ကျိုက်ထိုအခြေစိုက် တပ်ရင်းတွေကနေလည်း လက်နက်ကြီးပစ်ခတ်မှုတွေရှိခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ဒေသခံတွေသေဆုံးမှုတွေရှိခဲ့ပြီး ကလေးငယ်တွေအပါအဝင် ထိခိုက်ဒဏ်ရာရခဲ့သူလည်းများပြားခဲ့တယ်လို့ KNUကြေညာချက်တွေအရသိရပါတယ်။


အဲ့ဒီစစ်ကြောင်းဝင်လာတဲ့ရက်ကစပြီး KNLAဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဝါးဒက်ကွင်း၊ ကညင်အိုင်၊ ဇီးပြောင်း (၁)ကနေ ဇီးပြောင်း(၆)ကျေးရွာ၊ ဝင်းကံ၊ ကျောက်ရေတွင်း၊ ပျဉ်းကတိုးကုန်း၊ ပိန္နဲကုန်းအပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်က ပြည်သူ ၁၅၀၀၀ ကျော်ဟာလည်း တိမ်းရှောင်ထွက်ပြေးခဲ့ရပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page