စစ်တပ်အာဏာသိမ်းမှုကိုအသိအမှတ်ပြုပေးခဲ့တဲ့ ယာယီသမ္မတဦးမြင့်ဆွေ ဒီနေ့မနက်မှာ သေဆုံး
- BVJ

- Aug 8
- 1 min read
အေတီ/BVJ- သြဂုတ် ၇၊ ၂၀၂၅

စစ်ကောင်စီကခန့်အပ်ထားတဲ့ ယာယီသမ္မတ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေဟာ ဒီနေ့ သြဂုတ် ၇ရက် မနက် ၈နာရီခွဲဝန်းကျင်မှာသေဆုံးသွားပြီလို့ စစ်ကော်မရှင်ကထုတ်ပြန်လာပါတယ်။
စျာပနကို နိုင်ငံတော်စျာပနအဖြစ် ကျင်းပပြုလုပ်မယ်လို့လည်း စစ်ကော်မရှင်က ဖော်ပြထားပါတယ်။
Parkinson's Disease အာရုံကြောအားနည်းတဲ့ ရောဂါခံစားနေရတဲ့ ဦးမြင့်ဆွေသေဆုံးတဲ့အချိန်မှာ အသက်၇၄နှစ်ရှိပြီဖြစ်ပြီး အမှတ် (၂) စစ်ဆေးရုံ ကုတင်တစ်ထောင် အထူးကြပ်မတ်ဆောင်မှာ ဆေးကုသမှုခံယူရင်း သေဆုံးသွားတာဖြစ်ပါတယ်။
၂၀၂၄ခုနှစ် ဧပြီလမှာ စင်ကာပူနိုင်ငံကိုသွားရောက် ဆေးကုသမှုခံယူခဲ့ပေမယ့် မသက်သာကြောင့် ဆေးခွင့်ယူပြီး အမှတ်(၂)စစ်ဆေးရုံမှာ ဆေးကုမှုခံယူနေရတဲ့သူဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ အာဏသိမ်းမှုဖြစ်ခဲ့ပြီးနောက် ဦးမြင့်ဆွေက မည်သူကမှ အတည်ပြုခန့်အပ်ခြင်းမရှိဘဲ ယာယီသမ္မတအဖြစ်ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့တရားစီရင်ရေးအာဏာတွေကိုကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ လွှဲအပ်ပေးခဲ့ပါတယ်။
၂၀၁၈ခုနှစ် မတ်လ ၂၁ရက်မှာ နိုင်ငံတော်သမ္မတဦးထင်ကျော်က သမ္မတအဖြစ်ကနေ နုတ်ထွက်ခဲ့ရာ အခြေခံဥပဒေအရဦးမြင့်ဆွေက ယာယီသမ္မတအဖြစ်ကျမ်းကျိန်ဆိုကာ လွှတ်တော်ကသမ္မတအသစ် ရွေးချယ်တင်မြှောက်တဲ့အထိ ဆောင်ရွက်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်ကအာဏာသိမ်းပြီး သမ္မတဦးဝင်းမြင့်ကို ရာထူးကနေဖယ်ရှားဖမ်းဆီးခဲ့တာကြောင့် ဦးမြင့်ဆွေ ယာယီသမ္မတဖြစ်လာခဲ့တာဖြစ်ပါတယ်။
၂၀၀၅ ခုနှစ်မှာ ဒုတိယဗိုလ်ချုပ်ကြီးဖြစ်လာတဲ့ဦးမြင့်ဆွေဟာ ၂၀၀၉ခုနှစ်မှာ စစ်ထောက်ချုပ်အဖြစ် ရာထူးတိုးမြှင့်ခြင်းခံခဲ့ရပြီး ၂၀၁၀ခုနှစ်မှာစစ်ဖက်ဆိုင်ရာရာထူးကအနားယူခဲ့ပါတယ်။
ဦးမြင့်ဆွေ ကျန်းမာရေးအထူးစိုးရိမ်ဖွယ်ရာအခြေအနေရှိနေကြောင်းနဲ့ ICUမှာကုသမှုခံယူနေကြောင်းကို ကာလုံက မနေ့ကညပိုင်းမှာ ထုတ်ပြန်ခဲ့ပါသေးတယ်။







Comments