အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မြန်မာစစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံမှု စစ်အုပ်စုကိုအသိအမှတ်ပြုရာရောက်ကြောင်း SAC-Mအဖွဲ့ သတိပေး
- BVJ

- 4 days ago
- 1 min read
အေတီ/BVJ - ဇူလိုင် ၁၁၊ ၂၀၂၆

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မြန်မာစစ်ကောင်စီတို့ရဲ့တွေ့ဆုံမှုဟာ စစ်ကောင်စီကိုအားပေးရာရောက်သွားနိုင်တယ်လို့ SAC-M က သတိပေးလိုက်ပါတယ်။
"အခုတစ်ပတ်တနင်္ဂနွေနေ့မှာ ဘန်ကောက်မြို့မှာအာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ စစ်ကောင်စီရဲ့ 'နိုင်ငံခြားရေးဝန်ကြီး' တို့တွေ့ဖို့ရှိနေတာနဲ့ပတ်သက်ပြီးတော့ SAC-M (မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအဖွဲ့)က အခုလိုသတိပေးစကားပြောလာပါတယ်။
အဲဒီတွေ့ဆုံမှုက အာဆီယံရဲ့ 'ငါးချက်ပါဘုံသဘောတူညီချက်' (5PC)ကို အားနည်းသွားစေပြီး၊ စစ်ကောင်စီရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကို အားပေးသလိုဖြစ်သွားလိမ့်မယ်လို့ SAC-M ကဆိုပါတယ်။ တကယ်တော့ ဒါကသူတို့အတွက်လိုအပ်နေတဲ့ တရားဝင်မှုကိုလက်ဆောင်ပေးလိုက်သလိုမျိုးဖြစ်နေတယ်လို့ SAC-Mကပြောထားပါတယ်။
အဲဒါနဲ့ပတ်သက်ပြီး SAC-Mအဖွဲ့ဝင် ယန်ဟီးလီ (Yanghee Lee)ကလည်း 'အာဆီယံအနေနဲ့ အခုလိုလိုက်လျောလိုက်တာက သူတို့ရဲ့အရေးပါမှုကို လုံးဝ ပျောက်ဆုံးသွားစေမယ့်အခြေအနေမျိုးဖြစ်သွားလိမ့်မယ်'လို့ မှတ်ချက်ပေးထားပါတယ်။
တကယ်တော့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အာဆီယံကိုအမြဲတမ်းလိုလို အထင်အမြင်သေးလာတာပါ။ အာဆီယံရဲ့ 5PCမှာအားနည်းချက်တွေရှိနေပေယ့် မြန်မာ့အရေးကိုဖြေရှင်းဖို့အတွက် လက်ရှိမှာတခုတည်းသောရှိတဲ့မူဘောင်ပါ။ ၂၀၂၁ ခုနှစ်တုန်းကဆိုရင် 5PCကိုမလိုက်နာလို့ မင်းအောင်လှိုင်တို့ကို အဆင့်မြင့်အစည်းအဝေးတွေမှာပိတ်ပင်ခဲ့တဲ့လုပ်ရပ်မျိုးက တကယ်ကို ချီးကျူးစရာ ကောင်းခဲ့တာပါ။
နောက်ပြီး လွန်ခဲ့တဲ့နှစ်ပတ်လောက်ကပဲ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ် မာရီယာ ထရီဆာ လာဇာရိုက ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ တောင်းဆိုတာကိုတောင် စစ်ကောင်စီကပယ်ချထားတာပါ။ အဲဒီလိုမျိုး ဘာမှအလျှော့မပေးထားတဲ့ကြားကမှ အခုအာဆီယံဝန်ကြီးတွေက စစ်ကောင်စီရဲ့ 'နိုင်ငံခြားရေးဝန်ကြီး' နဲ့တွေ့မယ်ဆိုပြီးဖြစ်လာတာကတော့ တကယ်ကို နားလည်ရခက်တဲ့ အပြောင်းအလဲပါပဲ။
မြန်မာနိုင်ငံမှာ မင်းအောင်လှိုင်ကသူ့ကိုယ်သူ 'သမ္မတ'လို့ကြေညာပြီးတဲ့နောက်ပိုင်း အကြမ်းဖက်မှုတွေကပိုဆိုးလာတယ်။ အရပ်သားသေဆုံးမှုတွေ၊ အိုးအိမ်စွန့်ခွာရတာတွေကလည်းအများကြီးပဲ။ အကျဉ်းသားတွေဆိုလည်း နှစ်သောင်းကျော် ဖမ်းခံထားရဆဲပါ။ ဝန်ကြီးလာဇာရိုအနေနဲ့ အခုတွေ့ဆုံမှုကို ဖျက်သိမ်းပြီး 5PCမူဘောင်အတိုင်း စစ်ကောင်စီနဲ့ထိတွေ့ဆက်ဆံမှုကို ဆက်ပိတ်ထားသင့်ပါတယ်။ အကြမ်းဖက်မှုတွေရပ်ဖို့၊ အကျဉ်းသားတွေလွှတ်ပေးဖို့၊ လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ဆိုတာတွေကိုပဲ အာဆီယံအနေနဲ့ တင်းတင်းမာမာ တောင်းဆိုထားသင့်တာပါ။
တကယ်လို့ အာဆီယံကဒီတွေ့ဆုံမှုကိုသာဆက်လုပ်မယ်ဆိုရင်တော့ မြန်မာ့အရေးကို သူတို့ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းမရှိဘူးဆိုတာကို ကိုယ့်ဘာသာဝန်ခံလိုက်သလိုဖြစ်သွားမှာပါ။ နောက်ပြီး တရားဝင်အင်အားစုတွေဖြစ်တဲ့ NUG၊ တိုင်းရင်းသားအဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ယုံကြည်မှုတွေကိုပါ ဆုံးရှုံးသွားမှာပါ။ မြန်မာပြည်သူတွေရဲ့ ဆန္ဒကိုလျစ်လျူရှုပြီး အခုလိုလုပ်ရပ်တွေနဲ့သွားမယ်ဆိုရင်တော့ နိုင်ငံတကာကို 'ကျုပ်တို့တော့ အရေးနိမ့်ပြီ၊ ကျန်တာကိုတော့ မင်းတို့ပဲလုပ်ကြတော့'လို့ပြောလိုက်သလိုမျိုး ဖြစ်သွားလိမ့်မယ်လို့ SAC-M ကသတိပေးထားပါတယ်။
ပုံစာ- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ ပီ. လာဇာရို (Ma. Theresa P. Lazaro)နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆပ် ဖွမ်းကတ်ကျို (Sihasak Phuangketkeow) တို့ ဘန်ကောက်မြို့မှာတွေ့ဆုံခဲ့စဥ်က



Comments