ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုစွပ်စွဲချက် အခြေအမြစ်မရှိဘူးလို့ အာဏာသိမ်းစစ်အုပ်စု တုန့်ပြန်
- BVJ

- 1 hour ago
- 1 min read
အေတီ/BVJ_ဇန်နဝါရီ ၁၄၊ ၂၀၂၆

၂၀၁၇ခုနှစ် မြန်မာစစ်တပ်ရဲ့ထိုးစစ်ဆင်မှုအတွင်း ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တာတွေ၊ ကျူးလွန်ခဲ့လားဆိုတာတွေကို နယ်သာလန်နိုင်ငံ၊သည်ဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဇန်နဝါရီ၁၂ရက်နေ့ကစပြီး စစ်ဆေးကြားနာနေပါတယ်။
အပြည်ပြည်ဆိုင်ရာတရားရုံးICJမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တယ်လို့ မြန်မာနိုင်ငံအပေါ်စွပ်စွဲချက်ဟာ “ချို့ယွင်းချက်တွေရှိနေပြီး အခြေအမြစ်မရှိ” ဘူးလို့ အာဏာသိမ်းစစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ၁၄ရက်နေ့ က သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့ ဗုဒ္ဓဟူးနေ့ကထုတ်ပြန်တဲ့ စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာ နယ်သာလန်နိုင်ငံ၊သည်ဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ ဂမ်ဘီယာနိုင်ငံကတင်သွင်းခဲ့တဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်နဲ့ပတ်သက်ပြီး ဝေဖန်ပြစ်တင်ခဲ့ပါတယ်။
“ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်တွေဟာ အချက်အလက်ပြည့်စုံမှုမရှိသလို ဥပဒေအရချို့ယွင်းချက်တွေရှိနေပြီး အခြေအမြစ်မရှိဘူး”လို့ မြန်မာစစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။

“ယုံကြည်စိတ်ချရတဲ့အထောက်အထားတွေအပေါ် အခြေခံမထားတဲ့ ဘက်လိုက်တဲ့အစီရင်ခံစာတွေဟာ အမှန်တရားကိုမဖော်ပြနိုင်ဘူး”လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ်က အရပ်သားအစိုးရလက်ထဲကနေအာဏာလုယူခဲ့တဲ့ မြန်မာစစ်အုပ်စုဟာ နိုင်ငံတကာဥပဒေလေးစားလိုက်နာမှုကိုပြတဲ့အနေနဲ့ ICJတရားရုံးနဲ့ ‘ယုံယုံကြည်ကြည်ပူးပေါင်းဆောင်ရွက်နေကြောင်းဆိုပြီး"ထုတ်ပြန်ချက်ထဲမှာ ဖြည့်စွက်ဖော်ပြထားပါတယ်။
၂၀၁၇ခုနှစ် မြန်မာစစ်အုပ်စုရဲ့ထိုးစစ်ဆင်မှုကြောင့် ရိုဟင်ဂျာ ၇၅၀,၀၀၀ ခန့် အိုးအွမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ အများစုက အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို အတင်းအကျပ်ရွှေ့ပြောင်းခဲ့ရပြီး ၂နှစ်အကြာ ၂၀၁၉ ခုနှစ်မှာ ဂမ်ဘီယာနိုင်ငံကအပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ ထိုးစစ်ဆင်မှုကနေ အသက်ရှင်ရက်ပြန်လွှတ်လာတဲ့သူတွေက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ၊ မုဒိမ်းမှုတွေနဲ့ မီးရှို့တိုက်ခိုက်ခံရမှုတွေ ကြုံခဲ့ရတာတွေကို ICJ တရားရုံးမှာသက်သေတွေနဲ့တကွတင်ပြထားကြပါတယ်။လက်ရိအချိန်ထိ ရိုဟင်ဂျာ ၁.၁၇ သန်းခန့်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားမြို့က ပျက်စီးယိုယွင်းနေတဲ့ဒုက္ခသည်စခန်းတွေမှာ ကျပ်ကျပ်တည်းတည်းနေထိုင်နေရဆဲဖြစ်ပါတယ်။
ရုံးတင်စစ်ဆေးမှုစတင်ခဲ့တဲ့တနင်္လာနေ့မှာ ဂမ်ဘီယာတရားရေးဝန်ကြီး ဒေါ်ဒါ ဂျယ်လိုက မြန်မာနိုင်ငံမှာရိုဟင်ဂျာတွေဟာ “ ပစ်မှတ်ထား ချေမှုန်းခံခဲ့ရတယ်” တရားရုံးမှာတင်ပြထားပါတယ်။
ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုတရားရုံးကြားနာပွဲကို ဇန်နဝါရီ ၁၂ ရက်ကနေ ဇန်နဝါရီ၂၉ ရက်နေ့အထိ နယ်သာလန်နိုင်ငံ၊သည်ဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး ICJမှာပြုလုပ်နေပါတယ်။တရားစွဲထားတဲ့ ဂမ်ဘီယာနိုင်ငံဘက်ကအရင်လျှောက်လဲနေပြီး မြန်မာနိုင်ငံဘက်က လာမယ့်သောကြာနေ့ ဇန်နဝါရီ ၁၆ ရက်က ၂၀ ရက်အထိ တစ်ကြိမ်၊ ဇန်နဝါရီ ၂၈ ရက်က ၂၉ ရက်အထိ တစ်ကြိမ်၊ စုစုပေါင်းနှစ်ကြိမ် လျှောက်လဲချေပရမှာဖြစ်ပါတယ်။







Comments