NUCCမှာပါဝင်မှု CRPHဘက်ကယာယီရပ်ဆိုင်းထား
- BVJ

- 2 hours ago
- 1 min read
မိုနာ/BVJ_ဇန်နဝါရီ ၁၄၊ ၂၀၂၆

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ-NUCCမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ-CRPHရဲ့ ပူးပေါင်းပါဝင်မှုတွေကိုယာယီရပ်ဆိုင်းထားတယ်လို့ CRPHအဖွဲ့ကအတည်ပြုပါတယ်။
အဲ့ဒီလိုပူးပေါင်းပါဝင်မှုတွေ ယာယီရပ်ဆိုင်းထားတာကိုလည်း NUCCဆီကို ပြီးခဲ့တဲ့ ၂၀၂၅ နိုဝင်ဘာလထဲက တရားဝင်စာပေးပို့အကြောင်းကြားထားပြီးဖြစ်တယ်လို့ CRPHအတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့်က BurmaVJကိုပြောပါတယ်။
"အစည်းအဝေးတွေရဲ့ဆုံးဖြတ်ချက်အရပဲ ကျနော်တို့ NUCCမှာပါဝင်ဆောင်ရွက်မှုတွေကို ခေတ္တရပ် ဆိုင်းထားပြီဆိုတာ စာအကြောင်းပြန်ထားပါတယ်။ စာလည်းထွက်ထားပါပြီဗျ။ CRPHဘက်က ရပ်ဆိုင်းတာပါ။ ပါဝင်မှုကိုတောင်းဆိုမှုအရ ခေတ္တရပ်ဆိုင်းပါတယ်ဆိုပြီး ဒီတိုင်းပဲကျနော် တို့အကြောင်း ပြန်ထားပါတယ်ဗျ။ အခြေအနေတခုကြောင့်ပေါ့ဗျာ။အခြေအနေတခုဆိုတာ တောင်းဆိုမှုကြောင့်သော်လည်းကောင်း၊ စောစောကပြော သလိုပါဝင်မှု အခက်အခဲဖြစ်နေတဲ့ အကြောင်းတရားတခုခုကြောင့်သော်လည်းကောင်းပေါ့လေ ရှိကောင်း ရှိမှာပေါ့။ အဲ့တော့လောလောလတ်လတ်အခြေအနေမှာတော့ NUCCမှာCRPHရဲ့ ပါဝင်မှုကို ခေတ္တခဏရပ်ဆိုင်းထားတာပါ"
CRPHက အခုလိုယာယီရပ်ဆိုင်းကြောင်း တရားဝင်စာမပို့ခင်မှာလည်း NUCCက CRPHဘက်ကိုအကြောင်းကြားစာအရင်ပို့ခဲ့တာရှိပါတယ်။ အဲ့ဒီအကြောင်းကြားစာထဲမှာ NUCCရဲ့ လုပ်ငန်းစဉ်တွေအားလုံးမှာ CRPHအနေနဲ့ အကုန်ပူးပေါင်းနိုင်ခြင်းရှိ မရှိနဲ့ပတ်သက်ပြီးပြောထားတာလို့ သိရပါတယ်။
အဲ့ဒီအကြောင်းကြားစာနဲ့ပတ်သက်ပြီး CRPHအတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့်ကလည်း အခုလိုပြောပါတယ်။
"NUCCက CRPHကိုစာပို့တာဟုတ်ပါတယ်။ စာတွေကတော့ ဆက်လက်ပြီးတော့ပါဝင်မလားတို့ မပါဝင်မလားတို့ ဒီလိုကိစ္စမျိုးတွေပေါ့နော်။အပြန်အလှန်အဖွဲ့အစည်းရဲ့သဘောတရားအရပေါ့နော်"
ဒါပေမယ့် CRPHအနေနဲ့ NUCCကနေယာယီရပ်ဆိုင်းထားတယ်ဆိုပေမယ့်လည်း တချို့သီးခြားဖိတ်ကြားမှုတွေမှာတော့ ပူးပေါင်းဆောင်ရွက်မှုရှိနေသေးတယ်လို့ဆိုပါတယ်။
"သီးခြားဖိတ်ကြားမှုတွေမှာတော့ ကျနော်တို့အခြေအနေပေါ်မူတည်ပြီးတော့ ပူးပေါင်းဆောင်ရွက်မှုတွေရှိပါတယ်။သီးခြားဖိတ်ကြားမှုတွေမှာပါဝင်ဆောင်ရွက်လို့ရတဲ့အခြေအနေဆိုရင် ကျနော်တို့ပူးပေါင်းပြီးပါဝင်ဆောင်ရွက်တယ်။ ပူးပေါင်းပါဝင်ဆောင်ရွက်လို့ရတဲ့အခြေအနေမရှိဘူးဆိုရင်တော့ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းမရှိဘူးပေါ့ဗျာ ဒါပါပဲ"လို့ ဦးထွန်းမြင့်ကပြောပါတယ်။
NUCCအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ဧပြီလမှာကျင်းပခဲ့တဲ့ ဒုတိယအကြိမ်ပြည်သူ့ညီလာခံမှာလည်း အစည်းအဝေးအစီအစဉ်ထက် ကျော်လွန်လုပ်ဆောင်လို့ဆိုပြီး CRPHနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ-NUGက ကိုယ်စားလှယ်တွေကအစည်းအဝေးနောက်ဆုံးရက်မှာ မတက်ရောက်ခဲ့တော့ပါဘူး။
လက်ရှိမှာ NUCCကနေ ကရင်အမျိုးသားအစည်းအရုံး-KNUနဲ့ ကရင်နီတိုးတက်ရေးပါတီ-KNPPတို့လည်း ပြီးခဲ့တဲ့ ၂၀၂၅၊နိုဝင်ဘာလက ယာယီနုတ်ထွက်စာတင်ထားပြီး ၂၀၂၂ခုနှစ် ဇန်နဝါရီလကကျင်းပခဲ့တဲ့ ပထမအကြိမ်ပြည်သူ့ညီလာခံအပြီးမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLDနဲ့ Kachin Political Interim Coordination-KPICTတို့က နုတ်ထွက်ထားပါတယ်။
NUCC ရဲ့ နိုဝင်ဘာ ၂၂ရက်ထုတ်ပြန်ချက်မှာတော့ KNPPနဲ့ KNUအဖွဲ့တွေရဲ့ယာယီရပ်ဆိုင်းခြင်း အကြောင်းကြားစာကိုလက်ခံရရှိထားပြီး အဖွဲ့တာဝန်ရှိသူတွေနဲ့ညှိနှိုင်းဆောင်ရွက်ဖို့ ကြိုးပမ်းနေတဲ့ကာလဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ယာယီနုတ်ထွက်ခဲ့တဲ့အဖွဲ့တွေနဲ့ပတ်သက်ပြီး ထပ်အသိပေးတာမျိုးမရှိသေးပါဘူး။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ-CRPHကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေအပြင် အခြားပါတီကကိုယ်စားလှယ်တွေနဲ့ ၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းခံရမှုအပြီး ဖော်ဝါရီလထဲမှာဖွဲ့စည်းခဲ့ကာ ကော်မတီထဲမှာပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော် လွှတ်တော်နှစ်ရပ်လုံးကကိုယ်စားလှယ်တွေပါဝင်ပါတယ်။







Comments