ထိုင်းဥပဒေနဲ့စည်းမျဉ်းတွေကို ထိုင်းရောက်မြန်မာတွေလိုက်နာကြဖို့ NUGသတိပေး
- BVJ

- 1 hour ago
- 1 min read
BVJ/ဂျိုး_ဇန်နဝါရီ ၁၄၊ ၂၀၂၆

မြန်မာနိုင်ငံကနေထိုင်းနိုင်ငံကို လာရောက်နေထိုင်ကြတဲ့ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ အကြောင်း အမျိုးမျိုးကြောင့် နေရပ်စွန့်ခွာလာသူတွေအနေနဲ့ ထိုင်းနိုင်ငံကပြဌာန်းထားတဲ့ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေ၊ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေနဲ့ ဒေသန္တရစည်းကမ်းတွေကို လေးစား လိုက်နာကြဖို့ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ-NUGက ဒီနေ့မှာ သတိပေးချက်ထုတ်ပြန်လာပါတယ်။
ထိုင်းရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးနဲ့ အုပ်ချုပ်မှုရေးရာ ကိစ္စရပ်တွေမှာပါဝင်ပတ်သတ်တာတွေမလုပ်ကြဖို့နဲ့ တရားဥပဒေနဲ့ မညီတဲ့ကိစ္စရပ်တွေမှာ မပါဝင်ကြဖို့လည်း NUGက သတိပေးပါတယ်။
အခုလ ဇန်နဝါရီ ၁၁ရက်က ထိုင်းနိုင်ငံ၊စမွတ်ပရာကန်ခရိုင်မှာ စားသောက်ဆိုင်က မြန်မာလုပ်သားအချို့က အစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်တဲ့ထိုင်းနိုင်ငံသားတချို့ကို တုတ်၊ဓါးတွေနဲ့ဝိုင်းရိုက်ခဲ့တဲ့ကိစ္စပေါ်ပေါက်လာပြီးနောက်မှာ ထိုင်းရောက်မြန်မာတွေနဲ့ ထိုင်းဒေသခံတွေကြား ပဋိပက္ခတွေကြီးထွားလာမှာကို စိုးရိမ်မှုတွေရှိနေကြပါတယ်။
အဲ့ဒီနောက် NUGနိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံသားတွေအနေနဲ့ အိမ်ရှင်လူမှုအသိုင်းအဝိုင်းရဲ့ တန်ဖိုးထားမှု၊ လူနေမှုပုံစံတွေနဲ့အညီ သဟဇာတဖြစ်အောင် လိုက်လျောညီထွေနေထိုင်ကြဖို့ကို ပြောဆိုလာတာပါ။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာမသိမ်းခင်က ထိုင်းနိုင်ငံမှာ ရောက်ရှိနေထိုင်နေတဲ့ မြန်မာနိုင်ငံသား အရေအတွက်ဟာ လေးသန်းဝန်းကျင်လောက်သာရှိပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ၆သန်းဝန်းကျင်အထိရှိလာတယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကခန့်မှန်းထားကြပါတယ်။
အဲဒီထဲက မြန်မာအလုပ်သမား ၂.၃သန်းကျော်ဟာ အလုပ်လုပ်ကိုင်ခွင့် အထောက်အထား (Work Permit) တစ်ခုခု ကိုင်ဆောင်ပြီး တရားဝင်အလုပ်လုပ်ကိုင်နေသူတွေဖြစ်တယ်လို့ ထိုင်းအစိုးရရဲ့ အလုပ်သမားဝန်ကြီးဌာန စာရင်းမှာဖော်ပြထားတာလည်းဖြစ်ပါတယ်။







Comments