top of page

ရွေးကောက်ပွဲကိုနှောက်ယှက်ရင် သေဒဏ်အထိချမှတ်နိုင်တဲ့ဥပဒေကို စစ်ကောင်စီပြဌာန်း

  • Writer: BVJ
    BVJ
  • Jul 30
  • 1 min read

မိုနာ/BVJ_ ဇူလိုင် ၃၀၊ ၂၀၂၅

ဓါတ်ပုံ-၂၀၁၅ရွေးကောက်ပွဲမှာ စစ်ခေါင်းဆောင် မဲထည့်နေပုံ။
ဓါတ်ပုံ-၂၀၁၅ရွေးကောက်ပွဲမှာ စစ်ခေါင်းဆောင် မဲထည့်နေပုံ။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောက်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ရေးထိုးပြီး မနေ့က ဇူလိုင် ၂၉ရက်မှာ ပြဌာန်းလိုက်ပါတယ်။

 

အထွေထွေရွေးကောက်ပွဲတွေနဲ့ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေကို တားဆီးနှောက်ယှက်ခြင်း၊ မဲဆွယ်စည်းရုံးရေးကာလတွေမှာ နှောက်ယှက်ခြင်းနဲ့ မဲပေးသူတွေကို နှောင့်ယှက်ခြင်းတို့ကို ကာကွယ်ရန်နဲ့ မဲရုံနဲ့မဲရုံတာဝန်ကျသူတွေကို လုံခြုံမှုအပြည့်အဝနဲ့ တာဝန်ထမ်းဆောင်နိုင်ဖို့ ဒီဥပဒေကိုပြဌာန်းတာဖြစ်တယ်လို့ ဥပဒေရဲ့ရည်ရွယ်ချက်မှာ ဖော်ပြပြီး ဥပဒေမှာ ပုဒ်မ ၃၂ခုပါဝင်ပါတယ်။

 

ဥပဒေအရ ရွေးကောက်ပွဲကာလမှာ "လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီ"ကိုဖွဲ့စည်းရမှာဖြစ်ပြီး အဲ့ဒီအဖွဲ့ရဲ့ ဥက္ကဌအဖြစ် ပြည်ထဲရေးဝန်ကြီးနဲ့ ဒုဥက္ကဌ(၁)အဖြစ် ကာကွယ်ရေးဒုဝန်ကြီးက တာဝန်ယူရမှာဖြစ်ပါတယ်။

 

ဥပ‌ဒေရဲ့ ပြစ်ဒဏ်တွေမှာတော့ မည်သူမဆို ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေကိုဖြစ်စေ လုပ်ငန်းစဉ်တွေရဲ့တစိတ်တပိုင်းကိုဖြစ်စေ ပျက်ပြားစေဖို့ဟောပြောခြင်း၊ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း သို့မဟုတ် ဆန္ဒပြခြင်း၊ လူစုလူဝေးနဲ့ကန့်ကွက်ခြင်း စတာတွေကိုလုပ်ရင် အနည်းဆုံး ထောင်ဒဏ် သုံးနှစ်ကနေ အများဆုံး ထောင်ဒဏ် တစ်သက်အထိ ချမှတ်နိုင်တယ်လို့ ဖော်ပြပါတယ်။

 

ဒါ့အပြင် ပုဒ်မ ၂၇မှာ “ဥပဒေပါပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာမှာ တစ်ဦးတစ်ယောက်ကို သေဆုံးမှုဖြစ်စေလျင် ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူအသီးသီးကို ‌သေဒဏ်ချမှတ်ရမည်”လို့ ဖော်ပြထားတာကြောင့် စစ်ကောင်စီဥပဒေမှာ အနည်းဆုံးထောင်ဒဏ် သုံးနှစ်ကနေ သေဒဏ်အထိ ပြစ်ဒဏ်တွေကိုထည့်သွင်းပြဌာန်းထားတာဖြစ်ပါတယ်။

 

ပုဒ်မ ၂၈မှာတော့ ကျူးလွန်ဖို့အားထုတ်ရင်ဖြစ်စေ၊ ပူးပေါင်းကြံစည်ရင်ဖြစ်စေ၊ အားပေးကူညီရင်ဖြစ်စေ မူရင်းပြစ်မှုမှာပြဌာန်းထားတဲ့အတိုင်း ပြစ်ဒဏ်ချမှတ်မယ်လို့ ဖော်ပြပါတယ်။

 

ဥပဒေအရ ရွေးကောက်ပွဲ လုံခြုံရေးကော်မတီတွေကို ဗဟိုအဆင့်ကနေ ပြည်နယ်/တိုင်း၊ မြို့နယ်တွေအထိ ဖွဲ့စည်းမှာဖြစ်ပြီး ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ လုပုဂ္ဂိုလ်လုံခြုံရေးကို ပြည်ထဲရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်ပေးရမှာဖြစ်ကြောင်းနဲ့ ရွေးကောက်ပွဲလုံခြုံရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနက လိုအပ်တဲ့ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နဲ့ လုပ်ထုံးလုပ်နည်းတွေကို ထုတ်ပြန်နိုင်ပါတယ်။

 

အာဏာသိမ်းစစ်ကောင်စီဟာ အခုနှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲလုပ်မယ်လို့ကြေညာထားပြီး အဲ့ဒီရွေးကောက်ပွဲအတွက် အခုလို ဥပဒေထုတ်ပြင်ဆင်နေတာဖြစ်ပါတယ်။

 

စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာ တရားမဝင်အတုအယောင်ရွေးကောက်ပွဲဖြစ်တာကြောင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ NUGအပါအဝင် တော်လှန်ရေးအဖွဲ့အစည်းတွေက ကန့်ကွက်ကြောင်းနဲ့ ရွေးကောက်ပွဲမှာမပူးပေါင်းမပါဝင်ဖို့ ထုတ်ပြန်ကြေညာထားကြပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page